ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းအတု
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျည်းကျနေသူ (၄) ထောင်ကျော် လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဩဂုတ်လ ၃ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
အဆိုပါ Video ရဲ့ နောက်ခံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုလက်ဆွဲနုတ်ဆက်နေတဲ့ ဓါတ်ပုံတစ်ပုံနဲ့ သတင်းကြေညာသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “တစ်နိုင်ငံလုံး စစ်သား လက်နက်ချဖို့ အမိန့်ထုတ်ပြီး၊ ဒေါ်စုအပါအဝင် အကျည်းသား (၄) ထောင်ကျော်လွှတ် မြန်မာစစ်တပ် အရှုံးပေးလိုက်ပြီဟေ့” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၂၄၀၀၀ ခန့် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျည်းကျနေသူ (၄) ထောင်ကျော် လွှတ်ပေးလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်တွေဟာ မြန်မာနိုင်ငံနေရာ အနှံ့မှာ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အထိနာကာ မြို့သိမ်းခံရတာတွေ၊ စစ်စခန်းတွေ သိမ်းခံရတာတွေ၊ ဖမ်းဆီးခံရတာတွေ ဖြစ်နေပြီး လက်နက်ချသူများစွာလည်း ရှိနေပါတယ်။
ဒါပေမယ့် တစ်နိုင်ငံလုံး လက်နက်ချမယ်လို့ ကြေညာထားခြင်းမရှိသလို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးအကျဉ်းချခံထားရသူ ၄၀၀၀ ကျော် ပြန်လွတ်တဲ့ ဖြစ်စဉ်လည်း မရှိသေးပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။