ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်အားလုံး လွတ်ပေးလိုက်ပြီဆိုတဲ့ သတင်းအတု
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်အားလုံး လွတ်ပေးလိုက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက စက်တင်ဘာလ ၂၉ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
Video ရဲ့ နောက်ခံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ကောင်စီခေါင်းဆောင် ပါဝင်တဲ့ ဓါတ်ပုံရယ်၊ သမ္မဦးဝင်းမြင့်ရဲ့ ဓါတ်ပုံရယ်၊ စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်းရဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “နိုင်ငံပျောက်ကိန်း ဆိုက်လာလို့ အမေစုနဲ့ NLD ပါတီဝင်အားလုံး လွတ်ပေးလိုက်ပြီဟု ဗိုလ်ချုပ်ဇော်မင်းထွန်း အတည်ပြုထုတ်ပြန်ပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်အားလုံး လွတ်ပေးလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီဟာ လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်တန်းခေါင်းဆောင်တစ်ချို့ကို ဖမ်းထားဆဲဖြစ်ပြီး ပြန်လွတ်ပေးခြင်း မရှိသေးပါဘူး။ ပြန်လွတ်ပေးဖို့ ကြေညာခြင်း ထုတ်ပြန်ခြင်းလည်း မရှိသေးပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။