ဒေါ်အောင်ဆန်းစုကြည်က NUG နဲ့ PDF တွေရဲ့ လုပ်ရပ်ကို လက်မခံကြောင်း ပြောလိုက်တယ်ဆိုတဲ့ သတင်းအတု
စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NUG နဲ့ PDF တွေရဲ့ လုပ်ရပ်ကို လက်မခံဘူးလို့ ပြောထားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ Video ကို Sabay Kh ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တစ်ခုက ဖြန့်ဝေထားတာဖြစ်ပြီး ၂၁ မိနစ်ခန့်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံ ဓါတ်ပုံပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဒေါ်ဇင်မာအောင်ရယ် တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့တွေ ပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ “ယနေ့ ဒေါ်စု PDF နှင့် NUG လုပ်ရပ်ကို ထောက်မခံကြောင်း ပြောလိုက်ပြီ။ PDF များ အိမ်ပြန်သွားပါဟု” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို Like လုပ်ထားသူ ၆၄၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၁ သိန်း ၆ သောင်းကျော်ရှိကာ တစ်ခြား ဖေ့စ်ဘွတ်ပေ့ချ်တစ်ခုနဲ့ YouTube ပေါ်မှာလည်း ဖြန့်ဝေထားကြပါတယ်။
သတင်းဆန်းစစ်ချက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NUG နဲ့ PDF တွေရဲ့ လုပ်ရပ်ကို လက်မခံဘူးလို့ ပြောထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က PDF တွေက မထောက်ခံဘူးဆိုတဲ့ သတင်းအမှားတွေဟာ ယမန်နှစ်ထဲက မကြာခဏ ထွက်ပေါ်လေ့ရှိပြီး အခုတစ်ကြိမ်လည်း ထပ်မံဖြန့်ဝေထားတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိပြင်ပက တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆို မှတ်ချက်ပြုထားခြင်း မရှိပါဘူး။
ယခင်ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းအမှားကို အောက်ပါ Link မှာ ဖတ်ပါ။
NUG ၊ CRPH နဲ့ PDF တို့ကိုအသိအမှတ်မပြုဘူးလို့ ဒေါ်စု ပြောမထားပါ
သတင်းအမှား Video ရဲ့ ခေါင်းစဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် က NUG နဲ့ PDF ကို မထောက်ခံဘူးလို့ ဆိုထားပေမယ့် Video အတွင်းမှာတော့ ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ ဖေ့စ်ဘွတ်အသုံးပြုသူ တစ်ဦးရဲ့ Live Video တစ်ပုဒ်ကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရအောင်ဖန်တီးထားတဲ့ Clickbaits သတင်းတွေ တင်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။