ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံက ကယ်တင်မယ်ဆိုတဲ့ သတင်းအတု
စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံက ကယ်တင်မယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို PKS Channel ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဧပြီလ ၈ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ တရုတ်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ဆွဲနုတ်ဆက်နေတဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ “ကယ်တင်လိုက်ပြီ” လို့ ရေးသားထားပါတယ်။ ၎င်း Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာ “တရုတ်ကြီးက အမေစုကို ကယ်တင်မည်” လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို Like လုပ်ထားသူ ၁၄၀၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၄ သိန်းကျော်ရှိကာ YouTube ပေါ်မှာလည်း ဝင်ရောက်ကြည့်ရှု့ထားသူ များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
တကယ်တော့ ဒီအကြောင်းအရာဟာ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုသက်သက်သာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီကို ထောက်ပံ့ပေးနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်ကယ်တင်မယ်ဆိုတဲ့အခြေအနေမျိုးရှိမနေပါဘူး။ဒီလိုအကြောင်းအရာတွေဟာ သတင်းအမှားဖြန့်ချိသူတွေစိတ်ကူးယဉ်ဖန်တီးဖြေန်းဝေလေ့ရှိတဲ့အကြောင်းအရာမျိုးသာဖြစ်ပါတယ်။
ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ အဆုံးမသတ်နိုင်တဲ့ မြန်မာ့ပြည်တွင်း ပဋိပက္ခများသက်ဆိုးရှည်စေဖို့ တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများဆိုတဲ့ အကြောင်းအရာကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေ၊ နောက်ခံဓါတ်ပုံတွေနဲ့ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရအောင်ဖန်တီးထားတဲ့ Cilckbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။