ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တရုတ်နိုင်ငံက ရာဇသံပေးတယ်ဆိုတဲ့ သတင်းအတု
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တရုတ်နိုင်ငံက ရာဇသံပေးပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုနဲ့ ဖေ့စ်ဘွတ်အကောင့်တွေက တဆင့်လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ စစ်ကောင်စီခေါင်းဆောင်ရယ် ဒေါ်အောင်ဆန်းစုကြည်ရယ် တစ်ခြားနိုင်ငံက ခေါင်းဆောင်တွေ ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံအေပါ်မှာ “၁၆ ရက် အဆိုးထဲက အကောင်းလာပြီ။ အမေစုလွတ်ပြီ။ အမေစုကို လွတ်ပေးဖို့ တရုတ်ကြီး ရာဇသံပေး။ အာဏာရူး စောက်ပု လက်ခံလိုက်ပြီ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှုသူ များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးဖို့ တရုတ်နိုင်ငံက ရာဇသံပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
တရုတ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးဖို့ ရာဇသံပေးထားခြင်း မရှိသလို စစ်ကောင်စီက ပြန်လွှတ်ပေးဖို့ လက်ခံသဘောတူထားခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video ထဲမှာ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မြန်မာ့အရေး ဖြေရှင်းလို့ မရဘူးလို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြောတယ်ဆိုတဲ့ သတင်းနဲ့ တစ်ခြားသတင်းတွေကို ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။