စစ်ကောင်စီခေါင်းဆောင်ကို ဖမ်းဖို့ တရုတ်ကြေညာတယ်ဆိုတဲ့ သတင်းအတု
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ တရုတ်နိုင်ငံက ကြေညာတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက မေလ ၂၀ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
၎င်း Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရယ်၊ တရုတ်သမ္မတရဲ့ ဓါတ်ပုံရယ်၊ လက်နက်ကိုင်တွေ ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “ကျားဖြန်းမှုနဲ့ မင်းအောင်လှိုင်ကို တရုတ်ဖမ်းဖို့ကြေညာ။ ဟိုက်ဂင်စာချုပ် ပျက်ပြီး နေပြည်တော်ကို ညီနောင်သုံးဖွဲ့ချီတက်။ ၂၄ နာရီပဲ အချိန်ရမယ်။ အမြန်ဆုံးကြည့်ပေးကြပါ။” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ တရုတ်နိုင်ငံက ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်နိုင်ငံက ဖမ်းဆီးဖို့ ကြေညာခြင်းမရှိပါဘူး။ ၎င်းတို့ အကျိုးစီးပွားအတွက် စစ်ခေါင်းဆောင်နဲ့ ပူးပေါင်ဆောင်ရွက်နေဆဲသာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် ကိုးကန့်တပ်တွေနဲ့ အပစ်ရပ်မှုရှိပေမယ့် မြောက်ပိုင်း ညီနောင် မဟာမိတ်ထဲက AA နဲ့တော့ တိုက်ပွဲ ပြင်းထန်နေဆဲသာ ဖြစ်ပါတယ်။ ညီနောင် ၃ ဖွဲ့ အနေနဲ့ရော တစ်ဖွဲ့စီအနေနဲ့ရော နေပြည်တော်ကို ချီတက် တိုက်ခိုက်နေခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။