ရခိုင်ပြည်နယ်က ဗမာလူမျိုးတွေ မထွက်ခွာရင် ပစ်သတ်မယ်ဆိုတဲ့ သတင်းအတု
ရခိုင်ပြည်နယ်အတွင်းက ဗမာလူမျိုးတွေ ၃၈ နာရီအတွင်း မထွက်ခွါရင် အကုန်ပစ်သတ်ဖို့ ကြေညာထားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဧပြီလ ၂၇ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ယူနီဖောင်း ဝတ်ဆင်ထားတဲ့ တပ်ဖွဲ့ ၂ ခုရဲ့ ဓါတ်ပုံရယ်၊ AA စစ်ဦးစီးချုပ်ရဲ့ ဓါတ်ပုံရယ်၊ ရက္ခိုင့်တပ်တော် နာမည်နဲ့ ထုတ်ပြန်ချက် အပိုင်းတစ်ခုရယ် အသုံးပြုထားပြီး ၎င်းဓါတ်ပုံတွေအပေါ်မှာ “ရခိုင်နိုင်ငံတော် ပေါ်တင်ပဲ ဒဲ့ကြေညာ၊ ရခိုင်ပြည်နယ်ကနေ ဗမာလူမျိုး (၃၈) နာရီအတွင်း မထွက်ရင် ပစ်သတ်မယ်တဲ့။ ရခိုင်ကလွဲရင် ကျန်တဲ့လူမျိုး အကုန်သတ်နေပြီ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ရခိုင်ပြည်နယ်အတွင်းက ဗမာလူမျိုးတွေ ၃၈ နာရီအတွင်း မထွက်ခွါရင် အကုန်ပစ်သတ်ဖို့ ကြေညာထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
အာရက္ခတပ်တော် AA ဟာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ တပ်စခန်းပေါင်းများစွာ အသိမ်းခံနေရပါတယ်။ စစ်ကောင်စီထောက်ခံသူတွေက AA ကို လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုတွေ ပြုလုပ်နေကြသာ ဖြစ်ပါတယ်။
AA က စစ်ကောင်စီနဲ့သာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး ရခိုင်နိုင်ငံတော်အဖြစ် ကြေညာထားခြင်းလည်း မရှိသလို ဗမာလူမျိုးတွေ ထွက်ခွာသွားဖို့ ပြောကြားထားခြင်းလည်း မရှိပါဘူး။ ဒါ့အပြင် ရခိုင် လူမျိုးမဟုတ်သူတွေကို အကုန်သတ်ဖို့ ပြောထားခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။