ဗိုလ်နဂါး ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအတု
ဗိုလ်နဂါး ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ စဗိုလ်နဂါးရဲ့ ဓါတ်ပုံရယ်၊ မီးလောင်နေတဲ့ ဓါတ်ပုံရယ်၊ သတင်းကြေညာသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “မိသားစုကို သွားတွေ့တဲ့ ဗိုလ်နဂါး စစ်တပ်နဲ့ တွေ့ပြီး ပစ်သတ်ခံရ၊ အလောင်းကို ငါးပိုင်းခုတ်ပြီး လမ်းပေါ် ပစ်ထား။ သူ့ရွာကိုပါ မီးတင်ရှို့” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၇၆၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ပုလဲမြို့နယ်မှာ ဗိုလ်နဂါး ပစ်သတ်ခံရတယ်ဆိုတဲ့အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဗိုလ်နဂါးဟာ ပစ်သတ်ခံရခြင်းလည်း မရှိသလို ဖမ်းဆီးခံရခြင်းလည်း မရှိပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။