စစ်ခေါင်းဆောင်ကို နေပြည်တော်အထိ ဝင်ဖမ်းဖို့ ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ သတင်းအတု
အာဏာသိမ်းစစ်အုပ်စုရဲ့ခေါင်းဆောင် မင်းအောင်လှိုင်ကို နေပြည်တော်အထိ ဝင်ဖမ်းဖို့ အမိန့်ထုတ်ပြန်လိုက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ရန်ကုန်ခေတ်သစ် အမည်နဲ့ YouTube ချန်နယ်တစ်ခုက ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ပါဝင်တဲ့ ဓါတ်ပုံရယ် နိုင်ငံတကာက ခေါင်းဆောင်တစ်ချို့ ပါဝင်တဲ့ ဓါတ်ပုံရယ် သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “မင်းအောင်လှိုင်တော့ သေပြီဗျို့။ မင်းအောင်လှိုင်အဖွဲ့ကို ဘယ်မှသွားမရအောင် အနောက်နိုင်ငံတွေက အမိန့်ထုတ်ပြန်ပြီ။ နေပြည်တော်အထိ ဝင်ဖမ်းရန် စတင်ကြေညာ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
အာဏာသိမ်းစစ်အုပ်စုရဲ့ခေါင်းဆောင် မင်းအောင်လှိုင်ကို နေပြည်တော်အထိ ဝင်ဖမ်းဖို့ အမိန့်ထုတ်ပြန်လိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီခေါင်းဆောင်က စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် အမြန်ဆုံးအကောင်အထည်ဖော်ဖို့ တွန်းအားပေးမှုတွေ ရှိနေပြီး စစ်တပ်ပိုင် မီဒီယာတွေကနေ လူလုံးထွက်ပြမှုတွေ ပိုမိုမြင်တွေ့လာရပါတယ်။ စစ်မှုထမ်းဥပဒေဟာ ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဓါးစာခံ ပြုလုပ်တယ်လို့ ဝေဖန်မှုတွေ မြင့်တက်နေသလို လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ NUG ကလည်း ဆန့်ကျင်ထားကြပါတယ်။ ဒါပေမယ့် စစ်ကောင်စီအပေါ် ထိရောက်တဲ့ ဖိအားပေးနိုင်ခြင်း၊ ခြိမ်းခြောက်နိုင်ခြင်း တစ်စုံတစ်ရာမရှိသေးသလို မည်သည့်နိုင်ငံတကာအဖွဲ့အစည်းကမှ ဝင်ရောက် ဖမ်းဆီးဖို့ အမိန့်ပေးထားခြင်း မရှိသေးပါဘူး။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာနမှာမှ ဖော်ပြထားခြင်းမရှိသလို မည်သည့် မည်သည့်အဖွဲ့အစည်းမှာမှ ထုတ်ပြန်ထားခြင်းလည်းမရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။