သရုပ်ဆောင် ထက်ထက်မိုးဦး ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းအတု
သရုပ်ဆောင် ထက်ထက်မိုးဦး ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။ အဆိုပါ သတင်းအတုကို သတင်းမီဒီယာပုံစံ ဖန်တီးထားတဲ့ Website တစ်ခုက ဖြန့်ထားတာဖြစ်ပြီး ထက်ထက်မိုးဦးရဲ့ ဓါတ်ပုံ တစ်ပုံရယ်၊ အခြားနာရေးဓါတ်ပုံတွေရယ်ကို စုပေါင်းထားကာ ဓါတ်ပုံအပေါ်မှာ သရုပ်ဆောင် ထက်ထက်မိုးဦး ရုတ်တရက် ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီလို့ ဖြန့်ထားပါတယ်။ ဖေ့စ်ဘွတ် စာမျက်နှာနဲ့ YouTube ပေါ်ဖြန့်ဝေရာမှာလည်း အဆိုပါ အတိုင်းရေးသားဖြန့်ဝေထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
သတင်းဆန်းစစ်ချက်
သရုပ်ဆောင် ထက်ထက်မိုးဦး ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ထက်ထက်မိုးဦးဟာ ကွယ်လွန်ခြင်း မရှိသလို ဒီအကြောင်းအရာကို မည်သည့်သတင်းစာမျက်နှာကမှလည်း ဖော်ပြထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်တဲ့ Page မှာသာ ဖော်ပြထားခြင်းဖြစ်ပါတယ်။
ဒါ့အပြင် ၄င်းရဲ့ ဖေ့စ်ဘွတ်စာမျက်မှာပေါ်မှာလည်း အခုအချိန်ထိ ပိုစ့်တင်တာတွေ Live လွင့် တာတွေ ဆက်လက်လုပ်ဆောင်နေဆဲပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဥ်တွေမှာ လိမ်ညာရေးသားပြီးကြည့်ရှု့သူ အရေအတွက်ကနေ ဝင်ငွေ ပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ ဖြစ်တာကို တွေ့ရပါတယ်။