တောင်ကုတ်မြို့က စစ်ဘေးရှောင်နေအိမ်တွေကို AA က စျေးနှိမ်ဝယ်နေတယ်ဆိုတဲ့ သတင်းအတု
ရခိုင်ပြည်နယ် တောင်ကုတ်မြို့က စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို AA က အဓ္ဓမ စျေးနှိမ်ဝယ်ယူနေတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ်ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကတဆင့် လူမှုကွန်ယက်ပေါ်ဖြန့်ထားကြတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ “ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ စစ်ဘေးရှောင်နေအိမ်တွေကို AA ခဲဝါအဖွဲ့က အဓမ္မ စျေးနှိမ်ဝယ်ယူ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့အတွင်းမှာတော့ “AAခဲဝါအဖွဲ့တွေဟာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာရှိတဲ့ ဒေသခံပြည်သူတွေကို စစ်ဘေးရှောင်ရန်လိုက် လံပြောဆိုလျက်ရှိပြီး စစ်ဘေးရှောင် သွားတဲ့ အိမ်တွေကို ဈေးအဆမတန်နှိမ်ကာ ခြိမ်းခြောက်ဝယ်ယူနေတယ်လို့သိရပါတယ်” (မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ပါ ဖြန့်ဝေထားကြပါတယ်။
သတင်းဆန်းစစ်ချက်
ရခိုင်ပြည်နယ် တောင်ကုတ်မြို့က စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို AA က အဓ္ဓမ စျေးနှိမ်ဝယ်ယူနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေရှိနေပြီး စစ်ရှောင်နေကြရပါတယ်။ ဒီအခြေအနေမှာ AA က စစ်ရှောင်တွေရဲ့ အိမ်တွေ စျေးနှိမ်ဝယ်နေတယ်လို့ သတင်းအမှားဖြန့်နေကြတာပဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်မှာ အထိနာနေပြီး တပ်စခန်းပေါင်းများစွာ သိမ်းပိုက်ခံရကာ ထွက်ပြေးတာတွေ အလင်းဝင်တာတွေ သေဆုံးမှုတွေ မြင့်တက်နေပါတယ်။ နယ်မြေအားဖြင့်လည်း အများအပြား သိမ်းပိုက်ခံနေရပါတယ်။ ဒီလိုအခြေအနေမှာ သတင်းမှန်တွေ ဖုံးကွယ်ဖို့ တန်ပြန်ဝါဒဖြန့် သတင်းအမှားတွေ အဆက်မပြတ် ဖြန့်ဝေလာနေတာပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။