AA က စျေးဆိုင်နဲ့ နေအိမ်တွေ ဖောက်ထွင်းပြီး ပစ္စည်းတွေ ခိုးယူနေတယ်ဆိုတဲ့ သတင်းအတု
အာရက္ခတပ်တော် AA က သံတွဲမြို့က စျေးဆိုင်နဲ့ နေအိမ်တွေ ဖောက်ထွင်းပြီး ပစ္စည်းတွေ ခိုးယူနေတယ်ဆိုတဲ့ သတင်းအတုဖြန့်ဝေနေကြတာတွေရှိနေပါတယ်။
အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့် Page အတုတွေကတဆင့် လူမှုကွန်ယက်ပေါ်ဖြန့်ထားကြတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ “နေအိမ်နှင့်စျေးဆိုင်များကို AA ဖောက်ထွင်းပြီး ပစ္စည်းများ ခိုးယူနေ” လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ “သံတွဲမြို့ထဲကို ဝင်ရောက်နေသော ရခိုင်တပ်တော် AAတပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များ၊ စျေးဆိုင်များကိုဖျက်ဆီးပြီး ပစ္စည်းများကို ယူဆောင်နေကြောင်း သတင်းအရင်းအမြစ်များ၏ပြောဆိုချက်အရ သိရပါသည်” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအမှားကို တယ်လီဂရမ်ချန်နယ်တွေနဲ့ ဖေ့စ်ဘွတ်ပေ့ချ်တွေမှာပါ ဖြန့်ဝေနေကြတာဖြစ်ပါတယ်။
သတင်းဆန်းစစ်ချက်
အာရက္ခတပ်တော် AA က သံတွဲမြို့က စျေးဆိုင်နဲ့ နေအိမ်တွေ ဖောက်ထွင်းပြီး ပစ္စည်းတွေ ခိုးယူနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
သံတွဲဒေသခံ သတင်းထောက်တစ်ဦးကို Boom Myanmar က ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ တိုက်ပွဲနဲ့ သဘာဝဘေး အန္တရာယ်ကြောင့် နေအိမ်က ရှောင်နေရတာမျိုးရှိပေမယ့် AA က နေအိမ်တွေ စျေးဆိုင်တွေ ဖောက်ထွင်းနေတဲ့ဖြစ်ရပ် မရှိဘူးလို့ ဆိုပါတယ်။ စစ်တပ်ဘက်က ဝါဒဖြန့်နေခြင်းသာဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။
ရခိုင်ပြည်နယ်မှာ AA ဟာ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေပြီး စစ်ကောင်စီဘက်က အထိနာနေကာ လက်နက်ချတာတွေ၊ ဘင်္ဂလားဒေ့ချ်ဘက် ထွက်ပြေးတာတွေ၊ ဖမ်းဆီးခံရတာတွေ၊ သေဆုံးမှုတွေ မြင့်တက်နေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ စစ်တပ်ထောက်ခံသူတွေဖက်က တန်ပြန် သတင်းအမှားတွေဖြန့်ကာ ဝါဒဖြန့်ချီနေကြတာပဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်မှာ အထိနာနေပြီး တပ်စခန်းပေါင်းများစွာ သိမ်းပိုက်ခံရကာ ထွက်ပြေးတာတွေ အလင်းဝင်တာတွေ သေဆုံးမှုတွေ မြင့်တက်နေပါတယ်။ နယ်မြေအားဖြင့်လည်း အများအပြား သိမ်းပိုက်ခံနေရပါတယ်။ ဒီလိုအခြေအနေမှာ သတင်းမှန်တွေ ဖုံးကွယ်ဖို့ တန်ပြန်ဝါဒဖြန့် သတင်းအမှားတွေ အဆက်မပြတ် ဖြန့်ဝေလာနေတာပဲ ဖြစ်ပါတယ်။