ပိုက်ဆံ မပေးတဲ့ ဒေသခံတွေကို AA က ရိုက်နှက် နှိပ်စက်နေတယ်ဆိုတဲ့ သတင်းအတု
ရက္ခိုင့်တပ်တော် AA က တောင်းတဲ့ငွေ မပေးလို့ ဒေသခံတွေကို ရိုက်နှက် နှိပ်စက်နေတယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကတဆင့် လူမှုကွန်ယက်ပေါ်ကို ဖြန့်ဝေထားကြတာ ဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ AA က ငွေမပေးတဲ့ ဒေသခံတွေကို ရိုက်နှက်နှိပ်စက်နေတယ်လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် လေးတောင်မြို့ပေါ်က ဒေသခံတွေကို AA အဖွဲ့ ကတောင်းတဲ့ငွေမပေးလို့ ရိုက်နှက်ဖမ်းဆီးတာတွေ ကျောင်းဆရာ/မနဲ့ ကျောင်းသားကလေးသူငယ်တွေကို လာရောက်ကြိုဆိုကြရန် အမိန့် ပေးစေခိုင်းတာတွေ လုပ်ဆောင်ခိုင်းနေလို့ ဒေသခံများ ကြောက်ရွံ့ထိတ်လန့်နေကြကြောင်း ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအမှားကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်စာမျက်နှာပေါ်ပါ ဖြန့်ဝေထားကြပါတယ်။
သတင်းဆန်းစစ်ချက်
ရက္ခိုင့်တပ်တော် AA က တောင်းတဲ့ငွေ မပေးလို့ ဒေသခံတွေကို ရိုက်နှက် နှိပ်စက်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ရက္ခိုင့်တပ်တော် AA ဟာ စစ်ကောင်စီတပ်တွေနဲ့ ရခိုင်ပြည်အနှံ့အပြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိနာက သတင်းအမှားတွေနဲ့ တန်ပြန်ဝါဒဖြန့်နေတာ ဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ကိုးကန့်နဲ့ တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်ထောက်ခံသူတွေက ကိုးကန့်တပ်တွေအပေါ် သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေပြီး ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားနေချိန် အခုလို AA အပေါ် တိုက်ခိုက်တဲ့ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေက ရခိုင်မှာ တိုက်ပွဲဖြစ်စဉ်မှာ ရွာသားတွေကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ပြုလုပ်ခဲ့တဲ့အတွက် AA က ကယ်ထုတ်ခဲ့ရဖူးပြီး စစ်ဖြစ်ပွားနေတဲ့နေရာက ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်တာ မကြာခဏ မြင်တွေ့ရပါတယ်။
သတင်းအမှားဖြန့်သူတွေက စစ်တပ်ဘက်က အထိနာနေတဲ့အတွက် သွေးခွဲဖို့ ရည်ရွယ်ပြီး သတင်းအမှားဖြန့်နေတာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ၊ မည်သူမည်ဝါမှန်းဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။