နေပြည်တော် စစ်ဌာနချုပ်ရုံးကို AA က လက်နက်ကြီးနဲ့ ပစ်တယ်ဆိုတဲ့ သတင်းအတု
နေပြည်တော်က စစ်ဌာနချုပ်ရုံးကို ရက္ခိုင့်တပ်တော် AA က လက်နက်ကြီးနဲ့ ပစ်ခတ်တယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇန်နဝါရီလ ၅ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ မီးလောင်နေတဲ့ ဓါတ်ပုံရယ်၊ လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့ ဓါတ်ပုံရယ် AA စစ်ဦးစီးချုပ် ဓါတ်ပုံရယ်၊ စစ်ကောင်စီခေါင်းဆောင်တွေပါဝင်တဲ့ ဓါတ်ပုံတွေ သုံးထားပြီး ဓါတ်ပုံပေါ်မှာ “၅ ရက် သတင်းထူးဗျို့၊ နေပြည်တော်တိုင်းရင်း စစ်ဌာနချုပ် ရုံးကို ဗြောင်းဆန်အောင် ရက္ခိုင့်တပ်တော် AA လက်နက်ကြီးတွေနဲ့ ရှယ်ထုပြီဟေ့။ နေပြည်တော် တစ်မြို့လုံး သွေးချောင်းစီးပြီဗျို့” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
သတင်းဆန်းစစ်ချက်
နေပြည်တော်က စစ်ဌာနချုပ်ရုံးကို ရက္ခိုင့်တပ်တော် AA က လက်နက်ကြီးနဲ့ ပစ်ခတ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
၁၀၂၇ တော်လှန်ရေး စတင်ချိန်ကနေ AA ပါဝင်တဲ့ မြောက်ပိုင်း အဖွဲ့တွေက စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ မြို့တွေ များစွာကို သိမ်းယူထားနိုင်ပြီး လက်ရှိလည်း တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော် AA က စစ်ကောင်စီရဲ့ တပ်စခန်းတွေ တိုက်ခိုက်တဲ့ နေရာအတော်များများမှာ ပါဝင်နေပြီး ရှမ်းပြည်မြောက်ပိုင်းမှာရော၊ ရခိုင်ပြည်နယ်ထဲမှာပါ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ AA က ပလက်ဝကို သိမ်းယူပြီး ရခိုင်ပြည်နယ်က တပ်စခန်းတွေ မြို့တွေကို ဆက်လက်သိမ်းပိုက်နေပေမယ့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကိုတော့ လာရောက် တိုက်ခိုက်ခြင်း ပစ်ခတ်ခြင်း မရှိသေးပါဘူး။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။