စစ်ကောင်စီကို ကူညီပေးနေတဲ့ ရုရှားတိုက်လေယာဉ်မှုးပစ်ချခံရတယ်ဆိုတဲ့ သတင်းအတု
စစ်ကောင်စီကို ကူညီပေးနေတဲ့ ရုရှားတိုက်လေယာဉ်မှုးပစ်ချခံရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇွန်လ ၂၃ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကိုဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ၎င်း Video ရဲ့ နောက်ခံမှာ လေယာဉ်မှုးတစ်ယောက်ရဲ့ ဓါတ်ပုံတစ်ပုံရယ်၊ လေယာဉ်တစ်စင်းပါဝင်ပြီး မီးလောင်နေတဲ့ဓါတ်ပုံရယ် သတင်းကြေညာသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “လေတပ်အရာရှိတွေ ထောင်ကျပြီ။ ရုရှားတိုက်လေယာဉ်မှုး ပစ်ချခံရ။ စကစကို ကူညီနေတဲ့ ရုရှားလေသူရဲသေဆုံး၊ မင်းအောင်လှိုင်ကို ပူတင်ဆင့်ခေါ်” (သတ်ပုံ၊ အရေးအသား မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက် ကြည့်ရှုထားသူ ၁ သိန်း ၁ သောင်းကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီကို ကူညီပေးနေတဲ့ ရုရှားတိုက်လေယာဉ်မှုးပစ်ချခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ရဟက်ယာဉ်တွေ ပစ်ချခံရမှုတွေ ရှိနေပေမယ့် ဒီရက်ပိုင်းထဲ တိုက်လေယာဉ်ပစ်ချခံရတဲ့ ဖြစ်စဉ်မရှိသလို ရုရှား တိုက်လေယာဉ်းမှုး ပစ်ချခံရခြင်း သေဆုံးခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။