စစ်ကောင်စီဗိုလ်ချုပ် ဇော်မင်းထွန်းတို့အဖွဲ့ မိုင်းဆွဲခံရတယ်ဆိုတဲ့ သတင်းအတု
စစ်ကောင်စီပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇွန်လ ၈ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
၎င်း Video ရဲ့ နောက်ခံမှာ လက်နက်ကိုင်ဆောင်ထားသူတွေ ပါဝင်တဲ့ ဓါတ်ပုံရယ်၊ စစ်ကောင်စီဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “ပြင်ဦးလွင်နဲ့ နေပြည်တော် အကြားခရီးစဉ်အတွင်း ဗိုလ်ချုပ်ဇော်မင်းထွန်းအဖွဲ့ မိုင်းဆွဲခံရ။ အလောင်းကို PDF တွေ ယူဆောင်သွားပြီတဲ့” (သတ်ပုံ မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီဗိုလ်ချုပ် ဇော်မင်းထွန်းတို့အဖွဲ့ မိုင်းဆွဲ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မရှိသေးပါဘူး။ ၎င်းဟာ သေဆုံးချင်းလည်း မရှိသေးသလို သူတို့ရဲ့ အလောင်းတွေကို PDF တွေ ယူဆောင်သွားတယ်ဆိုတာလည်း သတင်းအမှား သက်သက်သာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။ သတင်းအမှားဖြန့်သူတွေက ၎င်းတို့သတင်း ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။