မြန်မာစစ်တပ် ဗုံးကြဲမှုကြောင့် ထိုင်းစစ်သား ၆ ဦးသေဆုံးသွားတယ်ဆိုတဲ့ သတင်းအတု
မြဝတီမြို့နယ်က တိုက်ပွဲမှာ မြန်မာစစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ထိုင်းစစ်သား ၆ ယောက် သေဆုံးပြီး ထိုင်းက ပြန်လည် ပစ်ခတ်တော့မယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို A Sone Thi ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မတ်လ ၂၆ ရက်နေ့ နေ့ခင်းပိုင်းမှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၇ မိနစ်ခွဲခန့် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ စစ်ကောင်စီခေါင်းဆောင်ရယ်၊ တိုက်လေယာဉ်တစ်စီးဓါတ်ပုံရယ်၊ စစ်ဝတ်စုံ ဝတ်ထားသူ တစ်ချို့ရယ်၊ သတင်းကြေငြာနေသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံအပေါ်မှာ “မြဝတီတိုက်ပွဲ ဗမာစစ်တပ်မှ ဗုံးကြဲမှု ထိုင်းဘက်ကျရောက် ထိုင်းစစ်တပ် ၆ ယောက်သေဆုံး၊ မြန်မာစစ်တပ်ကို ပြန်ပစ်ခတ်မည်ဟု ထိုင်းကြေငြာ” (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ အဆိုပါ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာ “ထိုင်းစစ်တပ်ကို သွားထိမိလို့ ပြန်ခံရတော့မည်” လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို Like လုပ်ထားသူ ၁၂၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၃၆၀၀၀ ကျော်ရှိကာ တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေကလည်း ဖြန့်ဝေထားကြပါတယ်။
သတင်းဆန်းစစ်ချက်
မြဝတီတိုက်ပွဲမှာ မြန်မာစစ်တပ်က ပစ်ခတ်မှု ထိုင်းဘက်ကျရောက်ပြီးထိုင်းစစ်သား ၆ ဦးစေဆုံးခဲ့ရပြီး အဆိုပါ ဖြစ်ရပ်အတွက် ထိုင်းက ပြန်လည်ပစ်ခတ်မယ်လို့ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုဟာ တစ်ခါတစ်ရံ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း ကျရောက်ခဲ့တာ ရှိပေမယ့် ထိုင်းစစ်တပ်က တစ်စုံတစ်ဦးမှ ထိခိုက်ဒဏ်ရာရဖူးခြင်း မရှိသလို ထိုင်း ၆ စစ်သား ၆ ယောက်သေဆုံးတယ်ဆိုတာလည်း သတင်းအမှားသာဖြစ်ပြီး ထိုင်းက ပြန်လည်ပစ်ခတ်မယ်လို့ ကြေငြာခဲ့ခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေကသာ လုပ်ကြံရေးသားထားခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် ၎င်းတို့ ဖြန့်ဝေထားတဲ့ သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video ထဲမှာ တစ်ခြား သတင်းအကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။