အာဇာနည်နေ့ ရန်ကုန်မှာ ဗုံး ၅ လုံး ပေါက်ကွဲပြီး PDF တွေ မြို့ကို ဝင်စီးတယ်ဆိုတဲ့ သတင်းအတု
အာဇာနည်နေ့ဖြစ်တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ ရန်ကုန်မြို့မှာ ဗုံး ၅ လုံး အကြီးအကျယ်ပေါက်ကွဲပြီး ရန်ကုန်ကို PDF တွေ ဝင်စီးနေပြီလို့ ရေးသားဖြန့်ဝေတဲ့သတင်းတု တစ်ပုဒ်ပျံ့နှံ့လာပါတယ်။
အဆိုပါ သတင်းအတုကို Facebook Page တစ်ချို့နဲ့ YouTube ချန်နယ်တစ်ချို့ ဖြန့်ဝေထားကြတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၀ မိနစ်ကျော် ကြာမြင့်တဲ့ video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ စစ်ကောင်စီတပ်တွေ သပိတ်ကာလ ဖြိုခွင်းစဉ်က ဓါတ်ပုံတစ်ချို့ကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “၁၉ ဇူလိုင် မမေ့နိုင် ကြေညာပြီ။ ရန်ကုန်မြို့ PDF တွေ ဝင်စီးနေပြီဟေ့။ ဗုံး ၅ လုံး အကြီးအကျယ် ပေါက်ကွဲပြီ။ စစ်ခွေးတွေ ပြာယာခတ်နေကြပြီ” လို့ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။(အသုံးအနှုန်း နှင့် စာလုံးပေါင်းသတ်ပုံ မူရင်းအတိုင်ပြန်လည်ဖေါ်ပြပါသည်။)
အဆိုပါ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း “မနက်(၉)နာရီခွဲသတင်းထူး ရန်ကုန်မြို့ ဗုံး(၅)လုံး အကြီးကျယ်ပေါက်ကွဲ့ပြီ” လို့ ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှု့သူ များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
အာဇာနည်နေ့ ရန်ကုန်မြို့မှာ မြို့ပြပျောက်ကြားသပိတ် လှုပ်ရှားမှုတွေ စစ်အာဏာရှင် ဆန့်ကျင်ရေးပိုစတာ ချိတ်ဆွဲမှုတွေ ရှိပေမယ့် ဗုံးတွေ အကြီးအကျယ်ပေါက်ကွဲတဲ့ ဖြစ်စဉ်တွေ ရန်ကုန်ကို PDF တွေ ဝင်စီးတဲ့ ဖြစ်စဉ်မရှိပါဘူး။ဒီအကြောင်းအရာဟာ အမှန်တကယ်ဖြစ်ပွားခဲ့ခြင်းမရှိတဲ့ အခြေအနေကို ဖန်တီးရေးသားထားတာဖြစ်ပါတယ်။ သတင်းအမှား Video ထဲမှာ တစ်ခြား သတင်းအကြောင်းအရာတွေကိုသာဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။