ပူတာအိုမှာ ရေခဲတောင် ၃ လုံး ပြိုကျတယ်ဆိုတဲ့ သတင်းအတု
ကချင်ပြည်နယ် ပူတာအိုမြို့မှာ ရေခဲတောင် ၃ လုံး ပြိုကျတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို ဇူလိုင်လ ၁ ရက်နေ့ နေ့ခင်းပိုင်းမှာ လူမှုကွန်ယက် သုံးစွဲသူတွေကြားမှာ ဖြန့်ဝေနေကြတာ ဖြစ်ပြီး သတင်းအမှားထဲမှာ “မိုးအရမ်းကြီးပြီး ပူတာအို ရေခဲတောင် သုံးတောင်ပြိုတာတဲ့ အဲ့ကရေတွေတောင် မြစ်ကြီးနားဘက် မရောက်သေးဘူး စီတာပူ အကုန်မြုပ်မှာပါတဲ့ မိဘပြည်သူညီကိုမောင်နှမများ အမြန်လွတ်အောင် ပြင်ဆင်ကြပါ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်ပေါ်မှာ လူပေါင်း သိန်းချီခန့်က ထပ်ဆင့်ဝေမျှခြင်း ကူးယူဖော်ပြခြင်းတွေ ပြုလုပ်နေကြပါတယ်။
သတင်းဆန်းစစ်ချက်
ပူတာအိုမှာ ရေခဲတောင် ၃ လုံး ပြိုကျကာ အဆိုပါပြိုကျရာက ရေတွေ မြစ်ကြီးနားဘက် မရောက်သေးကာ စီတာပူဘက်က အကုန်နှစ်မြုပ်မှာဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။
ကချင်ပြည်နယ်မှာ မြစ်ရေကြီးမှု၊ မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် ရေကြီးနှစ်မြုပ်မှုတွေ ဖြစ်ပေါ်နေတဲ့အချိန် အများပြည်သူ ပိုမိုထိတ်လန့်စေတဲ့ အခုလို သတင်းအမှားထပ်မံထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ပူတာအိုက ရေခဲတောင်တွေဟာ ကျောက်သားတောင်တွေသာ ဖြစ်ပြီး အေးမြတဲ့ ဆောင်းရာသီတွေမှာသာ နှင်းတွေ ရေခဲတွေ ဖုံးလွမ်းနေတာ ဖြစ်ပြီး ပူအိုက်တဲ့ ရာသီတွေမှာ ရေခဲတွေ နည်းပါးကာ အရည်ပျော်မှုတွေ ရှိပါတယ်။ ပူတာအိုမှာတော့ ရေးကြီးမှုတွေ မြေပြိုမှုတွေကြောင့် ကားလမ်းတွေပျက်က ကားအစီး (၈၀) ခန့် ပိတ်မိနေတာသာ ရှိပြီး ရေခဲတောင်တွေ ပြိုကျတဲ့ဖြစ်စဉ်မရှိသလို ကျောက်သားတောင်တွေ ဖြစ်တဲ့အတွက် ပြိုကျခြင်းလည်း မရှိပါဘူး။
ပူတာအိုက ရေခဲတောင်တွေ အကြောင်း ရေးသားထားတဲ့ ပိုစ့်နဲ့ နဲ့ 74 Media က ဖော်ပြထားတဲ့ မြေသားပြိုကျကာ ကားလမ်းပိတ်နေတဲ့ သတင်းကို ဒီနေရာ နဲ့ ဒီနေရာမှာ ဖတ်ပါ။
ကချင်ပြည်နယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ပြီး လူနေအိမ်တွေပါ ရေကြီးနှစ်မြုပ်မှု ကြုံတွေ့နေရတဲ့အချိန်မှာ အများပြည်သူ ပိုမိုထိတ်လန့်အောင် အခုလို သတင်းအမှားတွေ ထွက်ပေါ်လာနေတာပဲ ဖြစ်ပါတယ်။