ရန်ကုန်မှာ ဗိုလ်မှူးအယောက် ၂၀ တစ်ပြိုင်နက် တိုက်ခိုက်ခံရပြီး သေဆုံးသွားတယ်ဆိုတဲ့ သတင်းအတု
ရန်ကုန်တိုင်းမှာ စစ်ဗိုလ်မှူးတွေ တစ်ပြိုင်နက် တိုက်ခိုက်ခံရပြီး ၂၀ ဦးသေဆုံးသွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဩဂုတ်လ ၂၀ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၄ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ စစ်ဝတ်စုံဝတ်ဆင်ထားသူတွေ နဲ့ သတင်းကြေညာသူ တစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို ပူးတွဲဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “၂၀ ရက်နေ့ ညနေပိုင်း အထူးသတင်း ရန်ကုန်တိုင်း၊ စစ်ဗိုလ်မှူးတွေ တစ်ပြိုင်တည်း တိုက်ခိုက်ခံရ (၂၀) ဦးသေ၊ စစ်လုံခြုံရေး (၃) ဆ မြင့်ကာ ကြမ်းကုန်ပြီ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း အဆိုပါအတိုင်း ထပ်မံရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ရဲ့ Link ကို ဖေ့စ်ဘွတ်အကောင့်တစ်ချို့ကလည်း ဖြန့်ဝေထားပြီး ဒီ video ကို ဝင်ရောက်ကြည့်ရှုထားသူ ၂၀၀၀ နီးပါးရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ရန်ကုန်တိုင်းမှာ စစ်ဗိုလ်မှူးတွေ တစ်ပြိုင်နက် တိုက်ခိုက်ခံရပြီး ၂၀ ဦးသေဆုံးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ စစ်ဗိုလ်ချုပ်တွေ တိုက်ခိုက်ခံရ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်မရှိပါဘူး။ တစ်ပြိုင်နက်ထဲ တိုက်ခိုက်ခံရပြီး အယောက် ၂၀ သေဆုံးတယ်ဆိုတာလည်း သတင်းအမှားသက်သက်သာ ဖြစ်ပါတယ်။
ဒါ့အပြင် သတင်းအမှာဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ရန်ကုန်မှာ စစ်ဗိုလ်မှူး အယောက် ၂၀ ပစ်သတ်ခံရတဲ့သတင်း မပါဝင်ပါဘူး။ သတင်းအမှား Video အတွင်းမှာ ယင်းမာပင် မြို့နယ်မှာ စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးတယ် ဆိုတဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။