နေပြည်တော်ကို ပြည်ပက တိုက်လေယာဉ် ၂ စီး လာပစ်လို့ သေကုန်ပြီဆိုတဲ့ သတင်းအတု
စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်ကို နိုင်ငံခြားက တိုက်လေယာဉ် ၂ စီးနဲ့ လာပစ်လို့ သေကုန်ပြီဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ တိုက်လေယာဉ် ၂ စီးရဲ့ ဓါတ်ပုံနဲ့ နေပြည်တော်က ရုပ်တုတွေ ပါဝင်တဲ့ ဓါတ်ပုံနဲ့ စစ်ကောင်စီ ခေါင်းဆောင် ပါဝင်တဲ့ ဓါတ်ပုံကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “ပြည်ပ စစ်ကူလာပြီ။ နေပြည်တော်ကို ပြည်ပ တိုက်လေယာဉ် ၂ စီး လာပစ်လို့ သေကုန်ပြီ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုသူ များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်ကို နိုင်ငံခြားက တိုက်လေယာဉ် ၂ စီးနဲ့ လာပစ်လို့ သေကုန်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကနေ အခုထိ တော်လှန်ရေး အင်အားစုတွေ၊ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ တပ်စခန်းတွေ နယ်မြေတွေ သိမ်းပိုက်ထားတာ ၃၃ မြို့ထိရောက်ရှိလာပြီး NUG အစိုးရကလည်း လမ်းများအားလုံး နေပြည်တော်သို့ ဆိုတဲ့ ကမ်ပိန်းနဲ့ နေပြည်တော်ကို တိုက်ခိုက်ဖို့ ကြိုးပမ်းနေကြပါတယ်။
ဒါပေမယ့် ပြည်ပက လေယာဉ်တွေ ပြည်တွင်းက လေယာဉ်တွေနဲ့ လာရောက် တိုက်ခိုက်နိုင်ခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။