နိုင်ငံ ၁၄ နိုင်ငံက စစ်ကောင်စီခေါင်းဆောင်ကို သေဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့ သတင်းအတု
နိုင်ငံပေါင်း ၁၄ နိုင်ငံက စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို သေဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက စက်တင်ဘာလ ၂၁ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၅ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
အဆိုပါ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံရယ်၊ အမေရိကန် သမ္မတဂျိုးဘိုက်ဒန်ရဲ့ ဓါတ်ပုံရယ်၊ တစ်ခြားနိုင်ငံခေါင်းဆောင်တွေ ပါဝင်တဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “ပြည်သူကို အကြမ်းဖက်မှုနဲ့ မအလကို (၁၄) နိုင်ငံက သေဒဏ်ချလိုက်ပြီ။ တရုတ်နဲ့ ရုရှား ကူညီလို့ မရတော့ဘူး” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို ၁ ရက်အတွင်း YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၁၈၀၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
နိုင်ငံပေါင်း ၁၄ နိုင်ငံက စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို သေဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီခေါင်းဆောင်ကို မည်သည့်နိုင်ငံကမှ ဖမ်းဆီးဖို့ ပြောဆိုခြင်း ဝရမ်းထုတ်ခြင်း မရှိသလို သေဒဏ်ချမှတ်ခြင်းလည်း မရှိပါဘူး။ တရုတ် နဲ့ ရုရှားနိုင်ငံက ၎င်းကို ကာကွယ်ပေးထားဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။