ငွေကျပ် ၁ သောင်းတန်နဲ့ ၅ ထောင်တန်ကိုဖျက်သိမ်းပြီး ၂ သောင်းတန်နဲ့ အစားထိုးမယ်ဆိုတဲ့ သတင်းအတု
ငွေကျပ် ၁ သောင်းတန်နဲ့ ၅ ထောင်ကျပ်တန်တွေကို ဖျက်သိမ်းပြီး ၂ သောင်းကျပ်တန်တွေနဲ့ အစားထိုးမယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ချို့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး အဆိုပါ Link ကို ဖေ့စ်ဘွတ်အကောင့်တွေက ထပ်မံဖြန့်ဝေထားကြပါတယ်။ ဒီသတင်းအမှားကို ဖြန့်ဝေရာမှာ ၅ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မိန့်ခွန်းပြောနေတဲ့ ပုံရယ် အသစ်ရိုက်နှိပ်မယ့် ငွေစက္ကူ ၂ သောင်းတန်ရဲ့ ပုံတွေကို ဓါတ်ပုံတစ်ပုံထဲအပေါ် ပူးတွဲဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “ကျပ် ၁ သောင်း နဲ့ ကျပ် ၅ ထောင်တန်ကို ဖျက်သိမ်း၊ ကျပ် ၂ သောင်းတန်နဲ့ အစားထိုးမည်။ မင်းအောင်လှိုင်ကိုယ်တိုင် ကြေညာ” (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း “ကျပ် (၁)သောင်းနဲ့ကျပ် (၅)ထောင်တန်ကို ဖျက်သိမ်း/ (၂)သောင်းတန်ကျပ်နဲ့ အစားထိုးမည်” လို့ ထပ်မံဖော်ပြထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားပြီး ဝင်ရောက်ကြည့်ရှုသူများစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ငွေကျပ် ၁ သောင်းတန်နဲ့ ၅ ထောင်ကျပ်တန်တွေကို ဖျက်သိမ်းပြီး ၂ သောင်းကျပ်တန်တွေနဲ့ အစားထိုးမယ်ဆိုတဲ့အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီခေါင်းဆောင်က ၎င်းတည်ထားတဲ့ ဘုရားနဲ့ ဆင်ဖြူတော် ၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ငွေစက္ကူအသစ် ၂ သောင်းတန် ရိုက်နှိပ်တာလို့ ထုတ်ပြန်ထားပြီး ဟောင်းနွမ်းပျက်ဆီးနေတဲ့ ငွေစက္ကူတွေကို အစားထိုး လဲလှယ်ပေးသွားမယ်လို့ ၎င်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၅ ထောင်တန်နဲ့ ၁ သောင်းကျပ်တန် ကို အစားထိုး ဖျက်သိမ်းခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် သတင်းအမှားရဲ့ ခေါင်းစဉ်မှာ ၅ ထောင်တန်နဲ့ ၁ သောင်းကျပ်တန်တွေကို ဖျက်သိမ်းပြီး ၂ သောင်းတန်နဲ့ အစားထိုးမယ်လို့ ဖော်ပြထားပေမယ့် တစ်ခြားသတင်းအကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။ ၅ ထောင်ကျပ်တန်နဲ့ ၁ သောင်းကျပ်တန် ဖျက်သိမ်းမယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။