D614G ကိုဗစ် သန္ဓေပြောင်းပိုးဟာာ ကြာက်စရာမလိုဘူးဆိုတဲ့ ရေးသားချက်က ဘာတွေမှားသလဲ
ကိုဗစ် သန္ဓေပြောင်းပိုးဟာ ရောဂါအပြင်းစားကြီးမဖြစ်လို့ ကြောက်စရာမလိုကြောင်းကို အွန်လိုင်းပေါ်မှာရေးသားဖြန့်ဝေနေမှုတွေ အများအပြားရှိနေပါတယ်။ ဒီလိုရေးသားမှုတွေကတကယ်ပဲမှန်ကန်ပါရဲ့လား။
သြဂုတ်လ ၂၃ ရက်နေ့က Kyaw Kyaw Sai ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ ဒီအကြောင်းကို ရေးသားဖြန့်ဝေခဲ့ရာမှာ ပြန်လည်ဖြန့်ဝေသူပေါင်း တစ်ထောင့်ခုနှစ်ရာ ကျော်ရှိခဲ့သလို Moe San Pann ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ရဲ့ ဖြန့်ဝေမှုမှာလည်း ထပ်ဆင့်ဖြန့်ဝေသူ ငါးထောင့်ခုနှစ်ရာကျော်အထိ ရှိနေခဲ့ပါတယ်။
အလားတူ လူသိထင်ရှားတဲ့ နာမည်ကျော်အဆိုတော် တင်ဇာမော်ကလည်း သူမရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ပြီးခဲ့တဲ့ ၂ ရက်ခန့်က ကူးယူဖြန့်ဝေခဲ့ပြီး သူမရဲ့ပို့စ်ကို ပြန်လည်ဖြန့်ဝေသူ တစ်ထောင့်နှစ်ရာကျော်ရှိခဲ့ပြန်တယ်။
ရေးသားဖြန့်ဝေထားမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
ရေးသားဖြန့်ဝေရာမှာ " ဒေါက်တာခင်ခင်ကြီးက ပိုပြီး ကူးစက်လွယ်တဲ့ D614G ဘာညာဆိုတော့ လွှတ်ကြောက်နေကြလို့ ကြောက်စရာမလိုကြောင်း၊ D614G ဟာ ဆယ်ဆ ပိုပြီး ကူးစက်လွယ်တာမှန်ပေမယ့် ဥရောပမှာ အဲဒီ D614G ပေါ်လာပြီးတဲ့နောက်ပိုင်း သေဆုံးနှုန်းကျသွားကြောင်း၊ သက်သေအနေနဲ့ ရခိုင်မှာ တွေ့တဲ့ရောဂါဖြစ်ပွားသူ တစ်ယောက်မှ ဖျားတဲ့အဆင့်တောင် မရှိအတဲ့အချက်ဟာ ရောဂါဘယ်လောက်ပျော့လဲဆိုတာရဲ့ သက်သေဖြစ်ကြောင်း" ရေးသားထားတာဖြစ်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒီရေးသားဖြန့်ဝေမှုတွေနဲ့ ပတ်သက်ပြီး ဒေါက်တာခင်ခင်ကြီး သူမရဲ့ ဖေစ့်ဘွတ်အကောင့်မှာအအခုလိုရေးသားထားပါတယ်။
"ကိုဗစ်ဟာ ကူးစက်တာသာမြန်တာပါ၊ ရောဂါအပြင်းစားကြီး မဖြစ်လို့ ကြောက်စရာမလိုပါ"ဆိုပြီး ပြည်သူလူထုကို အမှားကို အမှန်ကြားညှပ်ပြီး ရောဂါထိန်းချုပ်ကုသရေးမှာ မှားယွင်းတဲ့အသိ ယုံကြည်ချက်ဖြစ်အောင် false security ပေးတဲ့သူတွေကို အလွန်ပင်အံ့ဩမိ" တယ်လို့ သြဂုတ်လ ၂၇ ရက်နေ့က ရေးသားထားပါတယ်။
ဒေါက်တာခင်ခင်ကြီးရဲ့ ရေးသားချက်တွေထဲက အချက်အချို့ကို ဖော်ပြရရင် "ဒီရောဂါသာ ကြောက်စရာမကောင်းရင် လူ ၈ သိန်းကျော် သေပါ့မလား စဉ်းစားပါ။"
"နဂိုရှိရင်းစွဲရောဂါတွေပိုဆိုးမယ် ကိုဗစ်ချည်းသီးသန့်ဆိုရင်တောင် ပြန်ကောင်းလာရင် နှလုံးကောင်းစွာ အလုပ်မလုပ်နိုင်တာမျိုး အဆုတ်ကောင်းကောင်း အလုပ်မလုပ်နိုင်တဲ့အတွက် အသက်ရှူမဝဖြစ်တာမျိုး ကစပြီး နောက်ဆက်တွဲအမွေအဖြစ်ရမဲ့ ရောဂါပေါင်းများစွာရှိပါတယ် ခြိမ်းခြောက်တယ်လို့ မထင်စေလိုပါ။ ဒါ့ကြောင့်မို့ ပိုးတွေ့တာ မစိုးရိမ်ပါနဲ့ ဆိုတာ ပြောသင့်သလား မပြောသင့်သလား သိလောက်ပြီထင်ပါတယ်။ ဒါ့ကြောင့်မို့ မိမိရဲ့ ပေါ့ပျက်ပျက်စကားဟာ အများကြီးထိခိုက်နိုင်တယ်ဆိုတာ သိစေချင်ပါတယ် တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိရပါမယ် ခုချိန်မှာ အသက်တွေနဲ့ အရင်းအနှီးလုပ်ပြီး ကိုဗစ်နဲ့ သူနိုင်ကိုယ်နိုင်အပြိုင်ကျဲ တိုက်ပွဲဝင်နေရတဲ့အချိန်မှာ စကားဆိုတာ မမှားအောင် ဂရုစိုက်ရပါတယ် ရေရှည်ကို ကြည့်ရပါတယ်" ဆိုပြီး ရေးသားထားတာပါ။
ဒေါက်တာခင်ခင်ကြီးရဲ့ မူရင်းဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။
ဒေါက်တာခင်ခင်ကြီးရဲ့ အဲဒီ ပို့စ်ကို ယခင်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဟောင်း U Ye Htut ကလည်း သူ့ဖေစ့်ဘွတ်အကောင့်မှာ သြဂုတ်လ ၂၈ ရက်နေ့က ပြန်လည်ဖြန့်ဝေထားတာကို ဒီနေရာ မှာ ကြည့်ရှုပါ။