စစ်မှုထမ်း ဥပဒေကြောင့် ထွက်ပြေးသူတွေရဲ့ မိဘတွေကို သေဒဏ်ပေးဖို့ အမိန့် ချမှတ်လိုက်တယ်ဆိုတဲ့ သတင်းအတု
စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးသူတွေရဲ့ မိဘတွေကို သေဒဏ်ချမှတ်ဖို့ အမိန့်ထုတ်လိုက်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက မေလ ၂၈ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
၎င်း Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံရယ်၊ စစ်ကောင်စီတပ်သားတွေရဲ့ အရာရှိတွေပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “စစ်မှုထမ်း ဥပဒေဆင့်ခေါ်လို့ ထွက်ပြေးတာနဲ့ ချက်ခြင်း မိဘတွေကိုပါ သေဒဏ်ချမှတ်ရန် အမိန့်ထုတ်၊ အရေးကြီးလို့ အမြန်ဆုံး နားထောင်ပေးကြပါရန်” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးသူတွေရဲ့ မိဘတွေကို သေဒဏ်ချမှတ်ဖို့ အမိန့်ထုတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်ဟာ အင်းအားနည်းပါးလာတဲ့အတွက် လူသစ်စုဆောင်းဖို့ စစ်မှုထမ်းဥပဒေကို အတင်းအကြပ် ပြဌာန်းခဲ့ပါတယ်။ ဒီ ဥပဒေကြောင့် စစ်သားသစ် စုဆောင်းခံရသူတွေ ရှိသလို ထွက်ပြေးလွတ်မြောက် သွားသူတွေလည်း ရှိပါတယ်။ အကယ်၍ တပ်သားသစ် စုဆောင်းခံရသူတွေ ထွက်ပြေးလွတ်မြောက်သွားရင် စစ်ကောင်စီတပ်ဟာ ၎င်းတို့ပြုလုပ်နေကြ ထုံးစံအတိုင်း ကျန်ရှိခဲ့တဲ့ မိသားစုဝင်တွေကို အကြပ်ကိုင် ငွေညှစ်တာ၊ ဖမ်းဆီးနှိပ်စက်တာတွေ၊ တစ်ခါတစ်ရံမှာ သတ်ဖြတ်တာတွေ ရှိခဲ့ပေမယ့် သေဒဏ်ချမျတ်ဖို့ ကြေညာထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။