အင်းစိန်လူမိုက် ကျော်ဝင်းစိန် ရက်လည်မှာ ဝိဉာဉ်ဝင်ပူးတယ်ဆိုတဲ့ သတင်းအမှား
ကြည့်မြင်တိုင်မြို့နယ်မှာ ဓားခုတ်ခံရပြီး သေဆုံးသွားတဲ့ အင်းစိန်ကမ်းနားမှ လူမိုက်ကျော်ဝင်းစိန်ရဲ့ ရက်လည်မှာ ဝိဉာဉ်ဝင်ပူးပြီး အသံနက်ကြီးနဲ့ ပြောတဲ့ ဗီဒီယိုဖိုင်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဖြန့်ဝေနေတဲ့ Akone Ti Tadin Sone ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၂ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘အသတ်ခံရတဲ့လူမိုက်ကျော်ဝင်းစိန် ရက်လည်မှာ ကျော်ဝင်းစိန် ဝိညာဉ်ဝင်ပူးပြီး သူ့အသံနက်ကြီး နဲ့ပြောတဲ့ ကျောချမ်းစရာဗီဒီယိုဖိုင်’ လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အင်းစိန်လူမိုက် ကျော်ဝင်းစိန် ရက်လည်မှာ ဝိဉာဉ်ဝင်ပူးတယ်ဆိုတဲ့ ကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဗီဒီယိုထဲမှာ အခြားမတော်တဆ ထိခိုက်မှုနဲ့ သေဆုံးသွားသူ အမျိုးသားတစ်ဦးရဲ့ အကြောင်းအရာနဲ့အတူ မီဒီယာတွေမှာ ဖော်ပြထားတဲ့ လူမိုက်ကျော်ဝင်းစိန်ရဲ့ သေဆုံးတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာတွေထဲမှာ အင်းစိန်လူမိုက် ကျော်ဝင်းစိန် ရက်လည်မှာ ဝိဉာဉ်ဝင်ပူးတယ်ဆိုတဲ့ ကြောင်းအရာ မပါဝင်ပါဘူး။
ခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။
အင်းစိန်ကမ်းနားက လူမိုက်ကျော်ဝင်းစိန်ဟာ ဒီဇင်ဘာ ၈ ရက် ညပိုင်းမှာ ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးလမ်းမှာ ဓားနဲ့အခုတ်ခံရပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။