ကိုရိုနာဗိုင်းရပ်စ်က ဝှေးစေ့ကို ရောဂါကူးစက်မှုမရှိဘဲ ပျက်စီးစေနိုင်တယ်ဆိုတဲ့ သတင်းမှား
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သတ်တဲ့ သတင်းတု၊ သတင်းမှားတွေက တနေ့တမျိုး မရိုးရအောင် ထွက်ပေါ်နေတဲ့အထဲက ဒီတခါမှာလည်း “ကိုရိုနာဗိုင်းရပ်စ်က ဝှေးစေ့ကို ရောဂါကူးစက်မှုမရှိဘဲ ပျက်စီးစေနိုင်တယ်” ဆိုတဲ့ သတင်းကလည်း ပျံ့နှံ့လာပြန်တဲ့ အတွက် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
ဒီကိုရိုနာဗိုင်းရပ်စ်နဲ့ ဝှေးစေ့ ဆက်စပ်တဲ့ ပြဿနာက ခုမှပေါ်လာတာ မဟုတ်ပဲ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာလည်း မီဒီယာကြီးတစ်ခုက ရေးထားလို့ BOOM က ဆန်းစစ်တင်ပြခဲ့ရပါသေးတယ်။ သတင်းကို ဒီနေရာမှာ ဖတ်ရှု့နိုင်ပါတယ်။ အဲ့အချိန်က ပျံ့နှံ့ခဲ့တဲ့သတင်းမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဝှေးစေ့အတွင်းမှာ ပုန်းခိုပြီး အချိန်ကြာမြင့်စွာနေထိုင်နိုင်ကြောင်း ရေးသားထားတာဖြစ်ပြီး ဒီတခေါက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ အမျိုးသားများရဲ့ ဝှေးစေ့ကို ကူးစက်မှုမရှိပဲ ပျက်စီးစေနိုင်တယ်လို့ ရေးသားဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဒီသတင်းကို The 74 Media ဇွန်လ ၅ ရက်နေ့က ဖြန့်ဝေခဲ့ရာမှာ South China Morning Post သတင်းဌာနက ဇွန်လ ၃ ရက်နေ့မှာ ဖော်ပြခဲ့တဲ့ သတင်းကို ဘာသာပြန်ပြီး သတင်းအဖြစ်ဖေါ်ပြခဲ့တာဖြစ်ပါတယ်။
သတင်းထဲမှာတော့ "ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးသည် အမျိုးသားများ၏ဝှေးစေ့ကို ရောဂါပိုးကူးစက်မှုမရှိဘဲ ပျက်စီးစေနိုင်သည်ကို လေ့လာတွေ့ရှိရကြောင်း အမေရိကန်နှင့် တရုတ်သုတေသီများပူးပေါင်းပြုလုပ်သည့် လေ့လာမှုအသစ်တစ်ခု အရ သိရှိရကြောင်း၊ ဝှေးစေ့ကို ပျက်စီးစေသော်လည်း ဝှေးစေ့အတွင်းရှိ ဆဲလ်များတွင် ရောဂါပိုးမတွေ့ရှိရသဖြင့် ကိုရိုနာဗိုင်းရပ်စ်သည် လိင်မှတဆင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မဟုတ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သည့်အမျိုးသား ၁၁ ဦးကို ဓာတ်ခွဲစမ်းသပ်ရာ အမျိုးသားလူနာတစ်ဦး၏ ဝှေးစေ့တွင်သာ ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့သည်ဟု ဘော့စ္စတွန် အခြေစိုက် Tufts Medical Center နှင့် ဝူဟန်မြို့ရှိ ဟွန်ဇိုးသိပ္ပံနှင့်နည်းပညာတက္ကသိုလ်က ပူးပေါင်းပြုလုပ်ခဲ့သည့် သုတေသန တွင်တွေ့ရှိရကြောင်း" စသည်ဖြင့် ရေးသားထားတာ တွေ့ရပါတယ်။ မူရင်းသတင်းကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒီသတင်းနဲ့ ပါတ်သတ်ပြီး BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ရာမှာ သိပ္ပံပညာရပ်ဆိုင်ရာနဲ့ ဆေးပညာရပ်ဆိုင်ရာ နောက်ဆုံးသတင်းတွေကို ဖော်ပြလေ့ရှိတဲ့ Sciencetimes ဝဘ်ဆိုက်မှာ ဇန်လ ၄ ရက်နေ့က ဖော်ပြထားချက်အရ ဒီအစီရင်ခံစာကို ရေးသားတဲ့ သုတေသနပြုသူတွေအနေနဲ့ အမျိုးသားတွေရဲ့ သုတ်ပိုးအရေအတွက်နဲ့ သုတ်ပိုးအရည်အသွေးကို ထည့်မတွက်ခဲ့ဘူးလို့ ရေးသားဖော်ပြထားပါတယ်။ ဘရစ်စတို တက္ကသိုလ်က ပါမောက္ခ Paolo Madeddu ကလည်း ဟော်မုန်းအပြောင်းအလဲတွေဟာ သာမာန်ရောင်ရမ်းခြင်းတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံမှာ လေ့လာမှုနှစ်ခုအရ COVID-19 ရောဂါရရှိပြီး ပြန်လည်ကောင်းမွန်လာတဲ့ အမျိုးသားတွေရဲ့ သတ်ရည်မှာဗိုင်းရပ်စ်မတွေဘူးလို့ ပြောထားတာကလည်း အမျိုးသား ၁၂ ယောက်ကနေ ၃၄ ယောက်လောက်ကိုပဲ သုတေသန လုပ်ခဲ့တာ ဖြစ်တဲ့အတွက် အလွန်သေးငယ်တဲ့ သုတေသနပြုချက်ပဲလို့ ရေးသားဖော်ပြထားပါတယ်။
မူရင်းသတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလအတွင်း ဖော်ပြခဲ့တဲ့ BOOM ရဲ့ ဆန်းစစ်ချက်ပြုလုပ်ခဲ့တဲ့ သတင်းမှာ ကတည်းက ဝှေးစေ့ပြဿနာနဲ့ ပါတ်သတ်ပြီး ဗိုင်းရပ်စ်ပညာရှင်တွေ ပြန်လည်ရှင်ပြထားတာကို ပြန်လည်တင်ပြရရင် ဗိုင်းရပ်စ်တွေက ဝှေးစေ့ကို ရောက်ဘို့ဆိုရင် သွေးစီးချောင်းကနေ သွားရပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် ဗိုင်ရပ်စ်တွေက အဲ့လိုမသွားဘူး။ ဗိုင်းရပ်စ်တွေ အဓိက မျိုးပွားတဲ့ နေရာက အသက်ရှူလမ်းကြောင်းသာလျှင် ဖြစ်တယ်။ အသက်ရှူလမ်းကြောင်းမှာ မျိုးပွားလိုက်တဲ့ ဗိုင်းရပ်စ် သည် သွေးစီးချောင်းနဲ့ ဝှေးစေ့ဆီကို ရောက်ဘို့ဆိုတာ ဘယ်လိုမှမလွယ်ဘူးဗျ။ ဗိုင်းရပ်စ်ပွားတဲ့ နေရာရဲ့ အဓိက က ဘယ်မှာလဲဆိုတော့ အသက်ရှူလမ်းကြောင်းမှာ။ အဲ့တော့ တခြားအင်္ဂါတွေ ရောက်ဘို့ သွေးစီးချောင်းကနေ သွားဘို့ဆိုရင် ဒီအချက်ကလည်း မဖြစ်နိုင်ဘူးလို့ ပြောရမယ်။ တဘက်မှာလည်း သူတို့ပြောတဲ့စမ်းသပ်တဲ့ လူနာတွေကို ကြည့်လိုက်တော့လည်း ဝှေးစေ့နမူနာ ယူတဲ့ လူနာဆိုတာလည်း နည်းနည်းလေးပဲ ရှိတယ်။ အခြေအမြစ် မရှိဘူး။" လို့ ရေးသားထားပြီးသာ ဖြစ်ပါတယ်။ မူရင်းသတင်းကို ဒီနေရာမှာ ဖတ်ရှု့နိုင်ပါတယ်။
ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပါတ်သတ်တဲ့ သတင်းမှား၊ သတင်းတုတွေကို ဆန်းစစ်ဖော်ထုတ်နေတဲ့ COVID-19 FACTS ဝဘ်ဆိုက်က ဖော်ပြထားတဲ့ သတင်းမှာလည်း ယူကေနိုင်ငံ မျိုးပွားခြင်းနဲ့ သန္ဓေသားဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း၊ ဗြိတိသျှမျိုးပွားခြင်းဆိုင်ရာ အဖွဲ့အစည်းနဲ့ အမေရိကန်နိုင်ငံ မျိုးဆက်ပွားဆေးပညာဆိုင်ရာ အဖွဲ့အစည်းလို ယုံကြည်ရတဲ့ အဖွဲ့အစည်းတွေက ဒီကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ အမျိုးသားဝှေးစေ့ ဆက်သွယ်နေတဲ့ကိစ္စအပေါ် တိကျပြတ်သားတဲ့ ထုတ်ပြန်ချက်မျိုး မထုတ်ပြန်ရသေးကြောင်း ဖော်ပြထားပါတယ်။
မူရင်းသတင်းရေးသားချက်များမှာလည်း တရုတ်နိုင်ငံက ပြုလုပ်ခဲ့တဲ့ အမျိုးသားမျိုးပွားအင်္ဂါနဲ့ သက်ဆိုင်တဲ့ သုတေသနစာတမ်းအပေါ် မေးခွနးထုတ်မှုများနဲ့ မဖြစ်နိုင်ကြောင်း ကို ထောက်ပြပြောဆိုထားတာတွေ့ရပါတယ်။ မူရင်းသတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။