ရုပ်ရှင်သရုပ်ဆောင် နန္ဒာလှိုင်နဲ့ ထွန်းအိန္ဒြာဗိုလ် တို့ကိုအသုံးပြုကာ သတင်းအမှားတွေ ဖြန့်ဝေ
ရုပ်ရှင်သရုပ်ဆောင် နန္ဒာလှိုင်နဲ့ ထွန်းအိန္ဒြာဗိုလ်တို့ရဲ့ အင်တာဗျူးနဲ့ live ရုပ်သံဖိုင်တွေအသုံးပြုပြီး သတင်းအမှားပြုလုပ်ကာ လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေပါတယ်။
ထိပ်တန်းခရိုနီသူဌေးကြီးတစ်ဦးဖြစ်သူ ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေနဲ့ သားဖြစ်သူ ဦးဇေသီဟတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့အပေါ် ရုပ်ရှင်သရုပ်ဆောင် နန္ဒာလှိုင်က ဝေဖန်လိုက်တယ်ဆိုတဲ့ အချိန် ၅ မိနစ်ကျော်ကြာတဲ့ ရုပ်သံဖိုင်ကို As7im ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က မတ်လ ၂၃ ရက်နေ့မှာ ဖြန့်ဝေခဲ့ပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။
နောက်ထပ် Bulk Vid ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကလည်း "အမေစုကို ထောင်ထဲမှာ တစ်သက်လုံးနေရမယ့်သူလို့ သက်သက်ခိုင် ရဲ့ညီမ ထွန်းအိန္ဒြာဗိုလ်ပြော" ဆိုတဲ့ ရုပ်သံဖိုင်တစ်ခုကို မတ်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းမှာ ဖြန့်ဝေခဲ့ပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။
Bulk Vid ဖေစ့်ဘွတ်ပေချ့်က မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းကလည်း "အမေစုကို ထောင်ထဲမှာ တစ်သက်လုံးမြင်ချင်တာဆိုတဲ့ မင်းသမီး အေးမြတ်သူ" ဆိုတဲ့ ရုပ်သံဖိုင်တစ်ခုလည်း ထပ်ပြီး ဖြန့်ဝေထားပါသေးတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။
အခု ဖြန့်ဝေထားတဲ့ ရုပ်သံဖိုင်တွေကို ပြန်လည်ဖြန့်ဝေမှုနဲ့ ကြည့်ရှု့သူ သောင်းနဲ့ချီရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ဒီ ရုပ်သံဖိုင်တွေကို ဝင်ရောက်ကြည့်ရှု့ပါက ဖြန့်ဝေရာမှာ ရေးသားထားမှုတွေ ပါဝင်ခြင်းမရှိပဲ လူစိတ်ဝင်စားမှုရရှိဘို့ လုပ်ကြံရေးသားထားမှုတွေသာ ဖြစ်ပါတယ်။
ရုပ်ရှင်သရုပ်ဆောင် နန္ဒာလှိုင်ရဲ့ ရုပ်သံမှာ ယောက်ျားဖြစ်သူအဖမ်းခံရလို့ စစ်ကောင်စီကို ဝေဖန်တယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိပဲ မီဒီယာတစ်ခုရဲ့ မိသားစုအကြောင်း အင်တာဗျူးထားတဲ့ ရုပ်သံတစ်ခုသာ ဖြစ်ပါတယ်။
အလားတူ ထွန်းအိန္ဒြာဗိုလ်အကြောင်း ဖြန့်ဝေထားတဲ့ ရုပ်သံဖိုင်မှာလည်း ဒေါ်အောင်ဆန်းစုကြည် အကြောင်းပြောထားတဲ့ အချက်ပါဝင်ခြင်းမရှိပဲ သူ့ရဲ့ ပုဂ္ဂလိကအကြောင်း ဖေစ့်ဘွတ် live လွှင့်ထားတဲ့ ရုပ်သံသာ ဖြစ်ပါတယ်။
နောက်ဆုံး အေးမြတ်သူ ရဲ့ ရုပ်သံဖိုင်မှာလည်း ဖြန့်ဝေရာမှာ ရေးသားထားတဲ့အချက်တွေ ပါဝင်မှုမရှိတာ တွေ့ရပါတယ်။
ဒီဖြန့်ဝေမှုတွေဟာ လူစိတ်ဝင်စားမှုရအောင် တမင်လုပ်ကြံရေးသားထားတဲ့ အကြောင်းအရာ တွေသာဖြစ်ပြီး သူတို့ရဲ့ ဖြန့်ဝေမှုတွေကို ကြည့်ရှု့နှုန်းတက်အောင် ပြုလုပ်ထားတာသာ ဖြစ်ပါတယ်။