သရုပ်ဆောင်နေတိုးရဲ့ ဇနီးငယ်ငယ်ကပုံဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား
ပြီးခဲ့တဲ့လ အစောပိုင်းက အိမ်ထောင်ပြုလိုက်တဲ့ သရုပ်ဆောင်နေတိုးနဲ့ တွဲဖက်ရိုက်ကူးထားတဲ့ ကျောင်းစိမ်းဝတ်စုံဝတ် ကလေးတစ်ဦးကို မင်းသားနေတိုးရဲ့ ဇနီး ငယ်စဉ်ကပုံလို့ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်း သရုပ်ဆောင်နေတိုးနဲ့ ကျောင်းစိမ်းဝတ်စုံဝတ် ကလေးတစ်ဦး တွဲဖက်ရိုက်ကူးထားတဲ့ ပုံကို ဖြန့်ဝေကာ မင်းသားနေတိုးရဲ့ ဇနီး ငယ်စဉ်ကပုံလို့ ရေးသားဖြန့်ဝေနေတာပါ။ နောက်ပြောင်တာတွေ၊ ရိုင်းစိုင်းတဲ့ အရေးအသားတွေအပါအဝင် တချို့မီဒီယာအမည်ခံ ဖေစ့်ဘွတ်ပေချ့်တွေမှာ "ငယ်စဉ်ကတည်းက ကြိုက်ခဲ့ရတဲ့ မင်းသားကလည်း တချိန်မှာ ကိုယ်ယောက်ျား ဖြစ်လာနိုင်တယ်လို့ ပြောလိုက်တဲ့ နေတိုးရဲ့ ချစ်ဇနီးလေး" လို့ ခေါင်းစဉ်တပ်ကာ လူအများ စိတ်ဝင်စားအောင် လုပ်ကြံရေးသား ဖြန့်ဝေနေကြတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အခုဖြန့်ဝေနေတဲ့ ပုံနဲ့ ပတ်သတ်ပြီး Win Phyo Phyo Aung ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှ မတ်လ ၂၅ ရက် နေ့လည်ပိုင်းမှာ ပြန်လည် ဖြေရှင်းချက်တစ်ခု ရေးသားဖြန့်ဝေထားပါတယ်။
ပိုစ့်ပိုင်ရှင်ရဲ့ ဖြေရှင်းထားချက်မှာ ပုံထဲက ကလေးငယ်မှာ မဝင်းဖြိုးဖြိုးအောင် ငယ်စဉ်က ရိုက်ထားတဲ့ ပုံဖြစ်ကြောင်း၊ မင်းသားနေတိုးရဲ့ ဇနီးနဲ့ ဘယ်လိုမှ မပတ်သတ်သလို ပုံကို ခွင့်ပြုချက်မရှိပဲ ယူသုံးကာ လှောင်ပြောင်နေတဲ့အတွက် သည်းမခံနိုင်ကြောင်းနဲ့ ဖြန့်ဝေထားတဲ့ ပိုစ့်တွေကို ပြန်ဖျက်ပေးစေလိုကြောင်း" တွေ ရေးသားထားပါတယ်။
ဖြေရှင်ထားတဲ့ ပိုစ့်မှာ ဖြန့်ဝေမှုအချို့ရဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပြီး သူမရဲ့ ဖြေရှင်းမှုကြောင့် အချို့ပိုစ့်တွေ ပြန်လည် ဖြုတ်ချ ပေးထားကြောင်းလည်း ရေးသားထားပါတယ်။
မဝင်းဖြိုးဖြိုးအောင်ရဲ့ ဖေစ့်ဘွတ်အကောင့်မှာ ပြန်လည်ဖြေရှင်းထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။
MyTel မင်းသားလို့ လူသိများတဲ့ မင်းသားနေတိုးဟာ စစ်အာဏာသိမ်းပြီးအချိန်မှာ ပြည်သူတွေနဲ့ အတူ ရည်တည်ခြင်းမရှိလို့ ဆိုပြီး ပရိတ်သတ်တေွရဲ့ Boycott (သပိတ်မှောက်ခြင်း) ခံနေရတဲ့အပြင် သူ့ရဲ့ သတို့သမီးဟာ ဒုဗိုလ်မှူး အုန်းရွှေ၏ သမီးဖြစ်တဲ့အတွက် ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။