နွယ်အေးဗလီကို စစ်ကောင်စီတပ်တွေ ဝင်ဖမ်းမယ်ဆိုတဲ့ သတင်းအမှား
ရန်ကုန်မြို့ ဒေါပုံ မြို့နယ်မှာရှိတဲ့ နွယ်အေးဗလီကို စစ်ကောင်စီတပ်တွေ ဝင်ဖမ်းဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းအမှားတွေကို လူမှုကွန်ရက်အကောင့်တွေကနေ ဝေမျှလျက်ရှိပါတယ်။
ဒီသတင်းကို သြဂုတ်လ ၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေခဲ့ကြတာဖြစ်ပြီး ဖြန့်ဝေရာမှာ "ဒေါပုံ ၊ သာကေတ နွယ်အေးဗလီကို မီးဖျက်ပြီး စကစတွေ ဝင်ဖမ်းဖို့ လုပ်နေပြီ။ ဂရုစိုက်ကြပါ"ဆိုတဲ့ စာသားတွေနဲ့ ရေးသားထားတာပါ။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
နွယ်အေးဗလီဟာ ကမ္ဘာ့ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေေတွေကြားမှာ ခက်ခဲနေတဲ့ ပြည်သူတွေအတွက် လူမှုကူညီရေးလုပ်ငန်းတွေလုပ်ဆောင်နေတာကြောင့် ယခုကာလအတွင်း လူအများအပြားက အသိအမှတ်ပြုချီးကျူးနေကြပြီး ဒီအခြေအနေမှာ ပြည်သူတွေကြား အထိတ်တလန့်ဖြစ်စေဖို့ လုပ်ကြံဖြန့်ဝေနေတာဖြစ်ပါတယ်။ ဒီလိုဖြန့်ဝေရာမှာ တိကျသေချာတဲ့ သတင်းအရင်းအမြစ်တွေမပါဝင်ပဲရေးသားထားတာဖြစ်ပါတယ်။ ဒီအကြောင်းအရာဟာ ဖြန့်ဝေပြီးမိနစ်ပိုင်းအတွင်းမှာပဲ အကောင့်ပေါင်းရာနဲ့ချီကာထပ်ဆင့်ဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။ မူရင်းပို့စ်တွေအောက်မှာ သတင်းအမှန်သိရှိသူတွေက ထောက်ပြထားပေမယ့် ပို့စ်တင်သူတွေက ပြန်လည်ဖြုတ်ချထားခြင်းမရှိတာကိုတွေ့ရပါတယ်။
သတင်းဆန်းစစ်ချက်
ဒီသတင်းအမှားတွေ ဖြန့်ဝေပြီး မိနစ်ပိုင်းအတွင်းမှာပဲ ဒေါပုံမြို့နယ် နွယ်အေးဂျာမေဗလီ လူမှုကူညီရေးအသင်းရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အဆိုပါအကြောင်းအရာဟာ သတင်းအမှားဖြစ်ကြောင်းနဲ့ ဆက်လက်မဖြန့်ဝေဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
နွယ်အေးဂျာမေဗလီ လူမှုကူညီရေးအသင်းရဲ့ ထုတ်ပြန်မှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။