ပြင်ဦးလွင် နဲ့ စစ်ဌာနချုပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းတယ်ဆိုတာ မဟုတ်ပါ
ရှမ်းမြောက်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲသတင်းတွေနဲ့ဆက်စပ်တဲ့ သတင်းအမှားတွေထဲမှာ ပြင်ဦးလွင်မြို့နဲ့ စစ်ဌာနချုပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းလိုပြီဆိုတဲ့ သတင်းလည်းပေါ်ထွက်လာပါတယ်။
အဆိုပါ သတင်းအမှားကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ မီးလောင်နေတဲ့ ဓါတ်ပုံတွေရယ် သတင်းကြေညာသူတစ် ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၃၁ ရက်နေ့ အရေးပေါ်သတင်း ပြင်ဦးလွင်မြို့နဲ့ စစ်ဌာနချုပ်ကို တော်လှန်ရေး ပူးပေါင်းတပ် သိမ်းပိုက်လိုက်ပြီဟေ့။ ရန်ကုန်ခေတ်သစ် အတည်ပြုကြေညာလိုက်ပြီ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ၁ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၅၅၀၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ပြင်ဦးလွင်မြို့နဲ့ စစ်ဌာနချုပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းလိုပ်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ်တပ်တွေက စစ်ဆင်ရေး ၁၀၂၇ ဆိုပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တစ်ပြိုင်နက်တိုက်ခိုက်ကာ ရှမ်းပြည်မြောက်ပိုင်းက တပ်စခန်း ၅၇ ခုကျော်ကို သိမ်းပိုက်ထားနိုင်ပြီး ပြင်ဦးလွင်ကို ဆက်လက်တိုက်ခိုက်မယ်ဆိုတဲ့ ပြောဆိုသံတွေလည်း လူမှုကွန်ယက်ပေါ် ပျံ့နှံ့နေပြီး စစ်ကောင်စီဘက်က ပြင်ဦးလွင်မှာ လုံခြုံရေးအင်အား အများအပြားချထားပါတယ်။ ဒီကနေ အောက်တိုဘာလ ၃၁ ရက်နေ့ထိတော့ ပြင်ဦးလွင်ကို သိမ်းပိုက်နိုင်ခြင်း မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ဌာနချုပ်ကိုလည်း သိမ်းပိုက်နိုင်ခြင်း မရှိသေးပါဘူး။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ စစ်ကောင်စီက ပြင်ဦးလွင်မြို့အဝင်မှာ တပ်အလုံးအရင်း အများအပြားချထားတယ်ဆိုတဲ့ သတင်းနဲ့ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။