ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Nway Myanmar Channel ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇန်နဝါရီ ၁၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၃၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အမေစု လွတ်မယ်တဲ့ဗျာ။ တနိုင်ငံလုံး ဝမ်းသာလို့ရပြီ။ ဗိုလ်ကြီးနေမျိုးဇင် ကြေငြာလိုက်ပြီ' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ၂၄ နာရီ မပြည့်မီ ဝင်ရောက်ကြည့်ရှု့သူ ၂ သိန်းနီးပါးလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒေါ်အောင်ဆန်းစုကြည် လွတ်တော့မယ်လို့ ဗိုလ်ကြီးနေမျိုးဇင်ပြောတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့်မှာ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့က ဖြန့်ဝေထားတဲ့ ဖေစ့်ဘွတ် live ဗီဒီယို ၂ ခုကို ကူးယူပြီး ပြန်လည်ဖြန့်ဝေထားတာပါ။
ပထမ ဖေစ့်ဘွတ် live ကို 'PDF များကို မထောက်ခံဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့ခြင်း မရှိကြောင်း အာဇာနည်နေ့ သက်သေမှ ထုတ်နှုတ် သုံးသပ်တင်ပြလိုက်ပါသည်' လို့ ရေးသားဖြန့်ဝေထားတာပါ။
ဒုတိယ ဖေစ့်ဘွတ် live ကိုတော့ 'ဘာသာရေး နှင့် နိုင်ငံရေး မရောစွက်သော ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် သစ် အဖြစ် အားလုံးက သံဓိဌာန်ချမှတ် ဦးတည်ချည်းကပ်ရမည့် တော် လှန် ရေး ကြီးဖြစ်ပါသည်' လို့ ရေးသားပြီး ပို့စ်တင်ထားပါတယ်။
ဒီ ဖေစ့်ဘွတ် live ၂ ခုကို ဆက်ပြီး ခေါင်းစဉ်တခြားရေးကာ ပြန်လည်ဖြန့်ဝေထားတာပဲ ဖြစ်ပါတယ်။
ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့်မှာ ဖြန့်ဝေထားတဲ့ ဖေစ့်ဘွတ် live တွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။