ဒီအကြောင်းအရာကို Thutakabar ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ် နီးပါး ကြာမြင့်တဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ညီနောင်သုံးဖော်နှင့် စစ်ကောင်စီ အပစ်ရပ်တော့မည်။ ညီနောင်သုံးဖော်နှင့် စစ်ကောင်စီ အပစ်ရပ်စဲလိုက်ပြီ' လို့ ရေးသားဖြန့်ဝေခဲ့တာပါ။
ဗီဒီယိုဖိုင်ထဲမှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ဆွေးနွေးခဲ့တဲ့အကြောင်း ပြောဆိုနေတဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ အသံဖိုင် တစ်ပိုင်းတစ်စလည်း ပါဝင်ပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ အပစ်ရပ်စဲလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ရုပ်သံဖိုင်ထဲမှာပါတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ အသံဖိုင်တစ်ပိုင်းတစ်စမှာလည်း ဆွေးနွေးခဲ့တယ်ဆိုတဲ့ အကြောင်းအရာသာ ပြောထားပြီး အပစ်ရပ်စဲလိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
မြန်မာနိုင်ငံ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ညှိနှိုင်းရေးကော်မတီက တာဝန်ရှိတဲ့ သူတွေနဲ့ MNDAA၊ TNLA၊ AA အဖွဲ့က တာဝန်ရှိသူတွေဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ အကူအညီနဲ့ နိုင်ငံရေးအရ ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေး ခဲ့တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။ ဆွေးနွေးပွဲအပေါ် မူတည်ပြီး ဒီလကုန် မှာ ဆက်လက်ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။
ဒီလိုဆွေးနွေးပွဲ သတင်းတွေ ထွက်လာပြီး မကြာမီ ညီနောင်မဟာမိတ်သုံးဖွဲ့က ပြည်သူတွေလိုလားတဲ့ နိုင်ငံရေးရည်မှန်းချက်ရအောင် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ဒီဇင်ဘာ ၁၂ ရက်နေ့က တယ်လီဂရမ် လူမှုကွန်ယက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာလည်း အချို့စစ်မျက်နှာတွေမှာ ကိုးကန့်တပ်တွေနဲ့ အပစ်ရပ်ထားတာ ရှိနေပေမယ့် ရက္ခိုင့်တပ်တော် (AA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာ တွေ့ရပါတယ်။