ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ NLA Channel ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နေပြည်တော် လေဆိပ်ကို စတင်ပြီး ပွဲကြမ်းပြီဗျာ။ ဗိုလ်ကြီးနေမျိုးဇင် ကြေငြာလိုက်ပြီ' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ ဖေစ့်ဘွတ် live ဗီဒီယိုတစ်ခုကို အသုံးပြုပြီး လုပ်ကြံရေးသား ထားတာသာ ဖြစ်ပါတယ်။
ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ live ဗီဒီယိုထဲက ပြောဆိုမှုထဲမှာလည်း နေပြည်တော်လေဆိပ်ကို အလုံးအရင်း ဝင်တိုက် နေတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။