အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက မတ်လ ၂၈ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ အာဏာသိမ်း စစ်တပ်ရဲ့ ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “မနိုင်တော့လို့ နှုတ်ထွက်ပြီ။ တပ်ချုပ်ရာထူးက နှုတ်ထွက်တော့မယ်ဟု မင်းအောင်လှိုင် ကမ္ဘာသိအောင် ကြေငြာပြီ” (သတ်ပုံ မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ ၁၅၀၀၀ ကျော်ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် တပ်ချုပ်ရာထူးက နုတ်ထွက်မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီ ခေါင်းဆောင်ဟာ တိုင်းပြည်ရဲ့ နေရာအများစုမှာ စစ်ရှုံးနေတဲ့အတွက် စစ်မှုထမ်းဥပဒေကို အတင်းအကြပ် ပြဌာန်းကာ လူသစ်စုဆောင်းမှုတွေ ပြုလုပ်နေပြီး ပြီးခဲ့တဲ့ တပ်မတော်နေ့ကလည်း ဒီအကြောင်းကိုပဲ ထပ်ကာတလဲလဲ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ၎င်းအနေနဲ့ သက်ပြည့်ပင်စင်ကိုလည်း နှစ်အကန့်အသက်မရှိတိုးယူနေပြီး ကာလုံသက်တမ်းကိုလည်း အကြောင်းပြချက်မျိုးစုံနဲ့ ထပ်မံတိုးယူနေဆဲဖြစ်ပါတယ်။ မင်းအောင်လှိုင်အနေနဲ့ ရာထူးက အနားယူခြင်းမရှိသလို ဒါနဲ့ပတ်သက်လို့ တစုံတရာ ပြောဆိုထားခြင်းလည်း မရှိပါဘူး။
ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။ သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။