အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ် Page တွေကတဆင့် ဖြန့်ဝေထားကြတာ ဖြစ်ပြီး သတင်းအမှားထဲမှာ မြဝတီမြို့ကို KNLA နဲ့ PDF ပူးပေါင်းအဖွဲ့က ထိန်းချုပ်လိုက်ကြောင်း သတင်းထွက်ပေါ်ပြီးနောက် မြဝတီမြို့ ဆိုင်းခန်းတွေ ဖောက်ထွင်းခံနေရကာ “တော်လှန်ရေးအောင်မြင်ရန်အ တွက် ပြည်သူတွေဘက်က အနစ်နာခံပေးရန်နှင့် PDF များ ပစ္စည်းခိုးယူပါက နားလည်ခွင့်လွှတ် ပေးရန် KNLA က တောင်းဆို” (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအမှားကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ ဖြန့်ဝေထားကြပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီက လက်လွတ်လိုက်ရတဲ့ မြဝတီမြို့က ဆိုင်ခန်းတွေ PDF တွေက ဖောက်ထွင်း ခိုးယူနေကာ ဒီလုပ်ရပ်ကို နားလည်ပေးဖို့ KNLA က တောင်းဆိုတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
မြဝတီမြို့ကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ဖို့ ကြိုးစားနေစဉ်မှာ စစ်ကောင်စီတပ်တွေက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှာ စိုးရိမ်တဲ့အတွက် ပြည်သူအများစုက စစ်ရှောင်ခဲ့ကြရပါတယ်။ စစ်ရှောင်နေစဉ်အချိန်မှာ အုပ်စုဖွဲ့ သူခိုးဂိုဏ်းတွေ က နေအိမ်တွေ၊ ဆိုင်ခန်းတွေ ဖောက်ထွင်းမှုတွေ ပြုလုပ်နေတဲ့အတွက် ပရဟိတ အဖွဲ့တစ်ချို့က စောင့်ကျန် ကြည့်ရှုမှုတွေ ရှိခဲ့ပါတယ်။ အစောပိုင်းရက်တွေတုန်းကလည်း ဖုန်းဆိုင် တစ်ဆိုင် ဖောက်ထွင်းခိုးယူခံခဲ့ရပါတယ်။
ဒီဖောက်ထွင်း ခိုးယူမှုတွေဟာ PDF တွေရဲ့ လက်ချက်ဖြစ်တယ်လို့ စစ်ကောင်စီထောက်ခံသူတွေက ဝါဒဖြန့်နေကာ KNLA ကလည်း တော်လှန်ရေးအောင်မြင်ဖို့ ဒီလုပ်ရပ်တွေ နားလည်ပေးဖို့ တောင်းဆိုတယ်လို့ သတင်းအမှားတွေနဲ့ တိုက်ခိုက် ဝါဒဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။
KNLA ကလည်း တောင်းဆိုထားခြင်းမရှိသလို KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီ စစ်ကြောင်းတွေကို တိုက်ထုတ်ကာ တိုက်ပွဲပြင်းထန်နေတာပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။