အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၀ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ မီးတွေလောင်နေတဲ့ ဓါတ်ပုံရယ် စစ်ကောင်စီခေါင်းဆောင်းရဲ့ ဓါတ်ပုံရယ် လက်နက်ကိုင်တပ်ဖွဲ့တွေ ပါဝင်တဲ့ ဓါတ်ပုံကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “၁၂ ရက်နေ့ သတင်းထူးဗျို့၊ နေပြည်တော်မြို့ MNDAA လက်ချက်ကြောင့် မီးလောင်ပြာကျကုန်ပြီဟေ့။ MNDAA ကို အမှုန့်ကြိတ်မယ်လို့ မအလ စိန်ခေါ်နေပြီ နားထောင်ကြည့်ကြပါ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၈၇၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ကိုးကန့်တပ် MNDAA ကြောင့် နေပြည်တော်မြို့ကြီး မီးလောင်ပြာကျနေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် ကိုးကန့်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ အပစ်ရပ်ထားပြီး ကြီးမားတဲ့ တိုက်ပွဲဖြစ်ပွားမှု မရှိသေးပါဘူး။ AA နဲ့ TNLA ကတော့ ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားနေပြီး နေပြည်တော်မှာတော့ လက်ရှိအချိန်ထိ ဘာတိုက်ပွဲမှ ဖြစ်ပွားနေခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်ခြားသတင်းတွေ၊ တစ်ခြားအကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။