အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇူလိုင်လ ၂၂ ရက်နေ့မှာဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကိုဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့တွဲတင်ထားတာ ဖြစ်ပါတယ်။ ၎င်း Video ရဲ့ နောက်ခံမှာ ဒေါ်အောင်ဆန်းစုကြည် လက်ပြနုတ်ဆက်နေတဲ့ ဓါတ်ပုံရယ်၊ လက်နက်ကိုင်ဆောင်ထားသူတွေ ပါဝင်တဲ့ ဓါတ်ပုံတစ်ပုံနဲ့ သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “Breaking News နေပြည်တော် အကျဉ်းထောင်ကို ဝင်စီးပြီး အမေစုကို ကယ်ထုတ်၊ ရဲခွေးနဲ့ စစ်ခွေး တရာကျော်ပတ်သတ်ခံရ” (သတ်ပုံ မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
နေပြည်တော် အကျဉ်းထောင်ကိုဝင်စီးပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်လာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိအချိန်ထိ နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ဒီလိုကယ်တင်ခံရတယ်ဆိုတဲ့အခြေအနေမျိုးလည်းမရှိပါဘူး။ နေပြည်တော်ကို PDF တွေက တိုက်ခိုက်ဖို့ ကြိုးပမ်းနေကြတယ်ဆိုတဲ့သတင်းတွေရှိနေပေမယ့် နေပြည်တော်ကိုဝင်ရောက်တိုက်ခိုက်တာ အကျဉ်းထောင်တွေနဲ့ ချုပ်နှောင်ထားသူတွေရှိရာကို ဝင်ရောက်နိုင်တာမျိုးမရှိသေးပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။