အခုဒီဆောင်းပါးကတော့ တစ်နှစ်တာအတွင်းပြည်တွင်းမှာဖြစ်ပွားခဲ့တဲ့ သတင်းဖြစ်ရပ်ပေါင်းများစွာထဲက သတင်းတု သတင်းမှားတွေနဲ့ နိုင်ငံတွင့်ပုံစံမျိုးစုံနဲ့ ပြန့်နှံ့ခဲ့တဲ့ သတင်းတု၊ သတင်းမှားတွေအပါအဝင် ဒီလိုသတင်းတွေကို ဖြန့်ဝေတဲ့ အဖွဲ့တွေနဲ့ လှုပ်ရှားမှုတွေကို စာဖတ်သူတွေစေ့ငုသုံးသပ်နိင်ဖို့ တင်ဆက်လိုက်တာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ဖြန့်ဝေလေ့ရှိတဲ့ သတင်းအမှားများ
ပထမဆုံးတော့ ၂၀၂၄ ခုနှစ်အတွင်း ဆိုရှယ်မီဒီယာတွေပေါ်မှာ ဖြန့်ဝေနေခဲ့ကြတဲ့ သတင်းတု၊ သတင်းမှားတွေရဲ့ သဘောသဘာဝကို လေ့လာထားတဲ့ အုပ်စုလေးခုကို အရင်လေ့လာရအောင်ပါ။
ဒီအထဲမှာ နိုင်ငံရေး ၊ လူမှုရေး၊ ရာသီဥတုနဲ့ သဘာဝဘေးအန္တရာယ်၊ ကျန်းမာရေး ဆိုတဲ့ အဓိက အကြောင်းအရာလေးခုခွဲထုတ်ထားပါတယ်။ ဒီအကြောင်းအရာလေးခုနဲ့ဆက်နွယ်ဖြန့်ဝေတဲ့ သတင်းတုသတင်းအမှားတွေ၊ အကြောင်းအရာအလွဲတွေဟာ လူထုကြားထဲအုံနဲ့ကျင်းနဲ့ပြန့်နှံ့ခဲ့ပါတယ်။ BOOM Myanmar အနေနဲ့ ဒီတစ်နှစ်တာအတွင် ဖော်ပြပါ အုပ်စုလေးခုထဲက သတင်းတုသတင်းမှား နဲ့ အကြောင်းအရာမျိုးစုံ
အပုဒ်ရေ ငါးရာကျော်ကို စာဖတ်သူတွေအတွက် ဆန်းစစ်ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။
(၁) နိုင်ငံရေးသတင်းမှားတွေဖုံးလွှမ်းခဲ့တဲ့ ၂၀၂၄
၂၀၂၄ ခုနှစ်အတွင်း BOOM Myanmar ရဲ့ သတင်းဆန်းစစ်ခဲ့တဲ့ အချက်အလက်တွေအရ ဒီတစ်နှစ်တာအတွင်းမှာ ဝါဒဖြန့်မှုတွေ၊ တစ်ဖက်နဲ့တစ်ဖက် ပုံဖျက်တဲ့အကြောင်းအရာတွေ၊ နိုင်ငံရေးအရတိက်ခိုက်အမြတ်ထုတ်တဲ့အကြောင်းအရာတွေက ပုံစံမျိုးစုံနဲ့ ရောပြွန်းပြန့်နှံ့ခဲ့ပါတယ်။ဒီသတင်းတွေက ဒီတစ်နှစ်တအတွင်းအများဆုံးပမာဏဖြစ်ပါတယ်။
နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ သတင်းမှား ၄၀၄ ပုဒ်
နေ့စဉ်ဖြစ်ပျက်နေတဲ့ လူမှုရေးဆိုင်ရာ အကြောင်းအရာ ၇၈ ပုဒ်
သဘာဝဘေးအန္တရယ်နဲ့ ဆိုင်တဲ့ သတင်းမှား ၂၁ ပုဒ်
ကျန်းမာရေးဆိုင်ရာ အကြောင်းအရာ ၇ ပုဒ်
BOOM Myanmar အနေနဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့အတွင်း ဆန်းစစ်ခဲ့တဲ့ သတင်းပေါင်း ၅၁၀ ပုဒ် ရှိခဲ့ရာမှာ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ သတင်းမှား ၄၀၄ ပုဒ် (၇၉.၂၂%)၊ နေ့စဉ်ဖြစ်ပျက်နေတဲ့ လူမှုရေးဆိုင်ရာ အကြောင်းအရာ ၇၈ ပုဒ် (၁၅.၂၉%)၊ သဘာဝဘေးအန္တရယ်နဲ့ ဆိုင်တဲ့ သတင်းမှား ၂၁ ပုဒ် (၄.၁၂%) နဲ့ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာ ၇ ပုဒ် (၁.၃၇%) ရှိခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ သတင်းမှားတွေကို ဖြန့်ဝေရာမှာ (က) စစ်ကောင်စီထောက်ခံသူတွေ၊ (ခ) စစ်ကောင်စီ ဆန့်ကျင်သူတွေ နဲ့ (ဂ) Clickbait လို့ ခေါ်တဲ့ ငွေကြေး တစ်စုံတစ်ရာ အကျိုးအမြတ်အပေါ် အခြေခံပြီး လူအများ ဝင်ကြည့်အောင် သတင်းခေါင်းစဉ် အလွဲအမှားတွေနဲ့ တမင်ရေးသားဖြန့်ဝေနေတဲ့ ဘက်တွေကို ပျမ်းမျှခွဲခြားကြည့်နိုင် ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း BOOM Myanmar က ဆန်းစစ်ခဲ့တဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ သတင်းတု၊ သတင်းမှားပေါင်း ၄၀၄ ပုဒ် ရှိခဲ့ရာမှာ Clickbait ဖြန့်ဝေမှုတွေဟာ အများဆုံးဖြစ်ပြီး စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေတဲ့ နိုင်ငံရေး သတင်းမှားတွေဟာ ဒုတိယ အများဆုံး ဖြစ်ပါတယ်။
စစ်ကောင်စီထောက်ခံသူတွေဖြန့်တဲ့ သတင်းအမျိုအစားတွေ
စစ်ကောင်စီ ထောက်ခံသူများဘက်က ဖြန့်ဝေလေ့ရှိတဲ့ သတင်းမှားတွေဟာ အများအားဖြင့် စစ်ကောင်စီကို ဆန့်ကျင် တော်လှန်နေသူတွေ၊ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံရေးအရ ပုံဖျက်တဲ့အနေနဲ့ တမင် လုပ်ကြံ ဖြန့်ဝေတဲ့ အကြောင်းအရာမျိုးတွေ ဖြစ်တာ တွေ့ရပါတယ်။
ဥပမာအားဖြင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ပြီး မကြာမီမှာပဲ ညီမဖြစ်သူ ဒေါက်တာ ယုယုချစ်က တော်လှန်ရေးအင်အားစုတွေ စုစည်းပြီး မန္တလေးမြို့ကို အမြန်ဆုံးသိမ်းပိုက်ကာ ဒေါက်တာဇော်မြင့်မောင် အတွက် လက်စား ချေကြဖို့ ပြောတယ်ဆိုပြီး စစ်တပ်လော်ဘီတွေက သတင်းမှားဖြန့်ခဲ့ပါတယ်။
ဒေါက်တာ ယုယုချစ်က Myanmar Now သတင်းဌာနနဲ့ အင်တာဗျူးမှာ ဒီလိုပြောဆိုပါတယ်ဆိုပြီး လိမ်လည်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ်ပြီး ပြည်သူတွေအနေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် ယုံကြည်မှု ပျက်ပြားအောင် ရည်ရွယ်တဲ့သတင်းမျိုးတွေလည်းဖန်တီးခဲ့ကြပါတယ်။ ဥပမာအနေနဲ့ပြောရရင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က လမ်းပိုင်းတွေမှာ KNU နဲ့ ပူးပေါင်း PDF တွေက ခရီးသွား ပြည်သူတွေကို ဓါးပြတိုက်နေတယ်လို့ သတင်းမှားဖြန့်တာမျိုးတွေပါဝင်ပါတယ်။
အမှန်က ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ KNU အဖွဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းမှာ ပြည်သူလူထု လုံခြုံရေး အတွက် ရှောင်တခင် စစ်ဆေးမှု ပြုလုပ်နေတဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး တော်လှန်ရေးအင်အားစုတွေ ဓါးပြတိုက် ဆက်ကြေး ကောက်နေတယ်လို့ လိမ်ညာဝါဒဖြန့်ထားတာ ဖြစ်ပါတယ်။
BOOM Myanmar က ဆန်းစစ်ခဲ့တဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
စစ်တပ်လော်ဘီတွေ ဖြန့်လေ့ရှိတဲ့ နောက်ထပ် အကြောင်းအရာ တွေကတော့ လူမျိုးရေးပဋိပက္ခတွေ ဘာသာရေးပဋိပက္ခ တွေ ဖြစ်ပွားအောင် တမင် သွေးထိုးဖြန့်ဝေတဲ့ သတင်းအတု၊ သတင်းအမှားတွေမကြာခဏပါဝင်တာမျိုးလည်းတွေ့ရပါတယ်။
ဥပမာအားအဖြင့် ဇန်နဝါရီလအတွင်းက ဖြန့်ဝေခဲ့တဲ့ TNLA တပ်ဖွဲ့ဝင်တွေ နမ့်စမ်မြို့အဝင်က စေတီတစ်ဆူကို ဘတ်ဟိုးနဲ့ ဖြိုချပြီး ဌာပနာတွေ ယူဆောင်နေတယ်ဆိုတဲ့ သတင်း၊ ဇူလိုင်လအတွင်းက ဖြန့်ဝေခဲ့တဲ့ အာရက္ခတပ်တော် AA က ဘူးသီးတောင်မြို့မှာ အစ္စလာမ်ဘာသာဝင် ထောင်နဲ့ချီကို လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ သတင်းနဲ့ ထိုင်းနိုင်ငံမှာ မြန်မာလူမျိုးတွေကို ရခိုင်အမျိုးသားရေးအစွန်းရောက်တွေ လိုက်လံသတ်ဖြတ် နေတယ်ဆိုတဲ့ သတင်းတွေဖြစ်ပါတယ်။
သတင်းတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
စစ်တပ်လော်ဘီတွေ ဖြန့်လေ့ရှိတဲ့ နောက်တစ်မျိုးကတော့ စစ်တပ်ထောက်ခံသူတွေ စိတ်ဓာတ်မကျစေဖို့ စစ်ရှုံးနေတဲ့ စစ်ကောင်စီရဲ့ စစ်ရေးသတင်းတွေကို ထိန်ချန်တာ၊ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ မဟုတ်မမှန် သတင်းတွေနဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အနိုင်ရနေတဲ့ ပုံစံမျိုး ရေးသားဖြန့်ဝေကြတဲ့သတင်းမျိုးတွေလည်းပါဝင်ပါတယ်။
သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
စစ်ကောင်စီ ဆန့်ကျင်သူတွေထဲမှာလည်း သတင်းအမှားဖြန့်
စစ်ကောင်စီကို ဆန့်ကျင်သူတွေဘက်က ဖြန့်ဝေခဲ့တဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ သတင်းမှားတွေကို BOOM Myanmar က သတင်းဆန်းစစ်ခဲ့ရာမှာ တစ်နှစ်လုံးမှာ ၆ ပုဒ် (၁.၄၉%) သာ ရှိခဲ့ပါတယ်။
ဒီအထဲမှာ စစ်ရဟတ်ယာဉ် ပစ်ချတယ်ဆိုတဲ့ သတင်းမျိုးတွေအပြင် စစ်တပ်က ပေါ်တာဆွဲတဲ့အခြေအနေတော်ပေါ်မှာ အခြေခံပြီး မှားယွင်းတဲ့သတင်းတွေ၊ စစ်ကောင်စီ သင်္ကြန်မဏ္ဍပ် ဗုံးပေါက်တယ်ဆိုတဲ့ သတင်းတွေနဲ့ စစ်ကောင်စီ ရေတပ်သင်္ဘောနစ်မြုပ်တယ်ဆိုတဲ့ သတင်းတွေ ပါဝင်ပါတယ်။
သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
Clickbait
နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ Clickbait တွေဟာ ဖြန့်ဝေမှု အများဆုံးဖြစ်ပြီး အများစုဟာ Youtube ပေါ်မှာ ဖြန့်နေတာ ဖြစ်ပါတယ်။ ဖြန့်ဝေပုံကတော့ Youtube ပေါ်မှာ နာမည်ကြီးသတင်းဌာနတွေရဲ့ နာမည်နဲ့ ဆင်တူယိုးမှား ဖြစ်မယ့် ချန်နယ်တစ်ခု ထောင်ပြီးတော့ ဆက်တိုက်ဖြန့်ဝေကြတဲ့ပုံစံမျိုးပါ။
ချန်နယ်အများစုက လက်ရှိ စစ်တပ်ထောက်ခံသူ အများစု မျက်မုန်းကျိုးနေတဲ့ Khit Thit Media ရဲ့ နာမည်ကို အသုံးပြုတာ တွေ့ရပြီး Khit Thit Broadcasting၊ Khit Thit Television၊ Khit Thit Media နဲ့ Mandalay Khithit တို့လို နာမည်တွေ ဖြစ်ပါတယ်။
Youtube ဗီဒီယိုရဲ့ ကာဗာပုံ thumbnail လုပ်ရာမှာလည်း လူအများစိတ်ဝင်စား ဝင်ရောက်ကြည့်ရှု့ဖို့ တမင်လှည့်ဖြားပြီး သတင်းအမှားတွေနဲ့ ဆွဲဆောင်ထားတာ ဖြစ်ပါတယ်။
သတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ဒီလိုချန်နယ်တွေမှာ subscribers ထောင်သောင်းချီ ရှိနေတတ်ပြီး အချို့ဗီဒီယို တွေဟာ ဖြန့်ဝေပြီး ၂၄ နာရီ မပြည့်မီ ကြည့်ရှု့သူ သောင်းကျော်အထိ ရှိနေပါတယ်။
လူမှုရေးဆက်နွယ်တဲ့ သတင်းတွေ
တစ်နှစ်အတွင်း ဖြန့်ဝေခဲ့တဲ့ သတင်းတု၊ သတင်းမှား တွေထဲက လူမှုရေးဆိုင်ရာ အကြောင်းအရာ ထဲမှာတော့ အထွေထွေ အကြောင်းအရာတွေ၊ ဓာတ်ပုံအမှား (သို့) ဟောင်းတွေ အသုံးပြု ဖြန့်ဝေမှုတွေ၊ AI နည်းပညာသုံး ပြုပြင်ထားတဲ့ ဓာတ်ပုံ (သို့) ဗီဒီယိုတွေ၊ ဗီဒီယိုအတု (သို့) အဟောင်း အသုံးပြု ဖြန့်ဝေမှုတွေ၊ ကျော်ကြားထင်ရှားသူတွေကို အသုံးပြုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှားတွေ၊ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာတွေကို ပစ်မှတ်ထား ဖြန့်ဝေတဲ့ သတင်းမှားတွေ၊ ကံစမ်းမဲ (သို့) အလှူအတန်းလုပ်မယ်ဆိုပြီး လိမ်လည်ဖြန့်ဝေနေတာတွေနဲ့ အားကစားသမားတွေရဲ့ သတင်းမှားတွေ အကြောင်း ပါဝင်ပါတယ်။
ဒီထဲမှာ အထွေထွေ (General) အမျိုးအစား သတင်းတု၊ သတင်းမှားဖြန့်ဝေမှုဟာ အများဆုံးဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ အကြိမ်ကြိမ် ပြန်လည် ဖြန့်ဝေနေတဲ့ အကြောင်းအရာမျိုးတွေ၊ ကာလအတန်ကြာ နားလည်မှုလွဲနေတဲ့ အကြောင်းအရာတွေ အပြင် နေ့စဉ်ဖြစ်ပျက်နေတဲ့ သတင်းဆန်းစစ်တာတွေ ပါဝင်ပါတယ်။
ဓာတ်ပုံ အမှား၊ ဗီဒီယိုအမှားတွေ အသုံးပြုပြီး သတင်းမှားဖြန့်တဲ့နေရာမှာ အများစုက အခြားတနေရာမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ရဲ့ ပုံတွေ၊ ဗီဒီယိုတွေကို ကူးယူပြီး အကြောင်းအရာ၊ အချက်အလက် အမှားတွေ ရေးပြီး ပြန်လည်ဖြန့်ဝေ တာမျိုး ဖြစ်ပါတယ်။
ဥပမာ အိန္ဒိယနိုင်ငံရှိ မြစ်တစ်ခုထဲက လှေငယ်လေးရဲ့ပုံကို ကချင်ပြည်နယ် ဖားကန့်မြို့ကို ဖြတ်သန်းစီစဉ်သွားတဲ့ ဥရုချောင်းပုံဆိုပြီး ရေးသားဖြန့်ဝေတာမျိုး ဖြစ်ပါတယ်။
AI generated သတင်းမှားတွေ၊ ဆယ်လီတွေရဲ့ သတင်းတွေ၊ ဘီလျံနာတွေရဲ့ သတင်းတွေ၊ Fake donation ကံစမ်းမဲ လုပ်ပေးမယ်ဆိုပြီး လိမ်လည်ဖြန့်ဝေတဲ့ အကြောင်းအရာ အများစုဟာ viewer တွေ၊ share တွေနဲ့ comment တွေ ကနေ ကလစ်လုပ်ပြီး ငွေပြန်ရှာတဲ့ Clickbait တွေ ဖြစ်ပါတယ်။
ရာသီဥတုနဲ့ သဘာဝဘေးအန္တရယ်
သဘာဝဘေးအန္တရယ်နဲ့ ဆက်နွယ်တဲ့ သတင်းအမှားတွေကို ဖြန့်ဝေရာမှာ မုန်တိုင်းတိုက်ခတ်မှုနဲ့ ဆက်စပ်တဲ့ သတင်းတွေ၊ ရေကြီးရေလျှံတဲ့ သတင်းတွေ၊ မြေပြိုမှု သတင်းတွေနဲ့ ဆီးနှင်းကျဆင်းမှုနဲ့ ဆက်စပ်တဲ့ သတင်းတွေ ဖြန့်ဝေခဲ့ပါတယ်။
အများဆုံး ဖြန့်ဝေခဲ့တာတော့ မုန်တိုင်းတိုက်ခတ်မှုနဲ့ ဆက်စပ်တဲ့ သတင်းမှားတွေ ဖြစ်ပါတယ်။ စက်တင်ဘာလ အတွင်းမှာတော့ ရေကြီး၊ ရေလျှံတဲ့ သတင်းမှားတွေ အများဆုံး ဖြန့်ဝေခဲ့တာပါ။
ဒီသတင်းမှားတွေကို ဖြန့်ဝေရာမှာ AI နဲ့ ပြုပြင်ထားတဲ့ ဗီဒီယိုဖိုင်အတုတွေ၊ အခြားနေရာတွေမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေက အရုပ်ကဒ် တွေကို အသုံးပြုပြီး ပြန်လည်ဖြန့်ဝေတဲ့ သတင်းမှားတွေ၊ မိုးလေဝသ ပညာရှင်တွေက ပြောတယ်ဆိုတဲ့ အချက်အလက် အမှားတွေ အများအပြား ဖြန့်ဝေခဲ့တာပါ။
မြန်မာနိုင်ငံက လူတစ်သန်းကျော် ရေဘေးကြုံမယ်ဆိုတဲ့ သတင်းတွေ၊ ငမိုးရိပ်ရေလှောင်တမံ ရေဖွင့်ချမယ်ဆိုတဲ့ သတင်းမှားတွေ အများအပြား ဖြန့်ဝေခဲ့ပါတယ်။
ကျန်းမာရေး
၂၀၂၄ ခုနှစ်အတွင်း BOOM Myanmar က ဆန်းစစ်မှုလုပ်ခဲ့တဲ့ သတင်းတု၊ သတင်းမှားတွေထဲ ကျန်းမာရေး ကဏ္ဍမှာ အနည်းငယ်သာ ပါဝင်ခဲ့ပါတယ်။
စိစစ်ခဲ့တဲ့ အကြောင်းအရာတွေကတော့ ဆိုရှယ်မီဒီယာပေါ်မှာ အဖန်တလဲလဲ ဖြန့်ဝေနေတဲ့ Bubble tea ဟာ လူ့အသက်ကို သေစေနိုင်ပြီး ကင်ဆာရောဂါ ဖြစ်ပွားနိုင်တယ်ဆိုတဲ့ အချက်အလက်အမှားတွေ၊ ဂျိုးဖြူရေကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်နေတယ်ဆိုတဲ့ အကြောင်းအရာတွေ၊ မျောက်ကျောက်ရောဂါနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဖြစ်ပါတယ်။
အခုထိဖော်ပြခဲ့တဲ့သတင်းအကြောင်းအရာတွေနဲ့ အချက်အလက်တွေကို လေ့လာကြည့်ရင် မြန်မာပြည်တွင်းက ဆိုရှယ်မီဒီယာအသုံးပြုသူတွေ၊ အထူးသဖြင့် လူထုကို လှည့်ဖျားဖို့အတွက် အသုံးချရာမှာ
သတင်းတုသတင်းမှားတွေကို ပုံစံမျိုးစုံနဲ့ ဖြန့်ဝေနေကြတာသတိပြုနိုင်ပါတယ်။ ဒီသဘာက နှစ်စဉ်နဲ့အမျှ သတင်းတုသတင်းအမှားဖြန့်ချိသူတွေဟာ အင်နဲ့အားနဲ့ရှိနေသေးတယ်ဆိုတာ Boom Myanmar အနေနဲ့သတိပြုမိခဲ့ပါတယ်။ ပြည်တွင်းမှာရှိတဲ့ သတင်းတု သတင်းမှား တန်ပြန်စောင့်ကြည့်တဲ့ အဖွဲ့အစည်းတွေ ဒီနှစ်ပိုင်းမှာ အားကောင်းလာနေပေမယ့် လူထုကြားထဲ ဒီသတင်းတွေရောက်ရှိနေတာက လျော့ပါးမသွားသေးပါဘူး။
လူထုကို အဆိပ်အတောက်တွေပေးတဲ့ Infodemic ပြသနာကမပြီးသေးပါဘူး။ လာမယ့်နှစ်တွေမှာ ဘယ်လိုပုံစုံတွေနဲ့ စာဖတ်သူတွေကြားထဲကို ဆက်လက်ပြန့်နှံ့လာဦးမလဲဆိုတာ တစ်ဦးချင်းသတိပြုရဦးမယ့် အခြေအနေဖြစ်ပါတယ်။