အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက မေလ ၁၃ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၃ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
အဆိုပါ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် မိန့်ခွန်းပြောနေတဲ့ ဓါတ်ပုံတစ်ပုံရယ် အစည်းအဝေး ပြုလုပ်နေတဲ့ ဓါတ်ပုံတစ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “မေလ ၁၅ ရက်နေ့ တပ်ချုပ်ရာထူးက ထွက်မယ်လို့ မင်းအောင်လှိုင် ကိုယ်တိုင် ကြေညာ (ရုပ်/သံ)။ ဆွေးနွေးဖို့ NUG အဖွဲ့ နေပြည်တော် ရောက်ပြီတဲ့” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
အာဏာသိမ်းစစ်အုပ်စုရဲ့ခေါင်းဆောင် မင်းအောင်လှိုင် ရာထူးက နုတ်ထွက်မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ ရာထူးကနေ နုတ်ထွက်ခြင်းလည်းမရှိသလို အနားယူခြင်းလည်း မရှိပါဘူး။ ၎င်းရဲ့ ရာထူးတွေ တာဝန်တွေ ပုံမှန်ဆောင်ရွက်နေဆဲသာဖြစ်ပြီး မည်သည့် NUG အဖွဲ့ဝင်ကမှလည်း နေပြည်တော်ကို ညှိနှိုင်းဖို့ ရောက်ရှိနေခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။